စက်တင်ဘာ ၇ ရက်နေ့မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ခုခံစစ်စတင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ကြေညာ ခဲ့ပြီး တမြန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ မှာတော့ တော်လှန်ရေးနောက်တဆင့် လာတော့မယ်လို့ ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ထပ်မံပြောဆို လာပါတယ်။
မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စိုးမိုးထားတဲ့ ကျေးရွာပေါင်း ရာပေါင်း များစွာရှိနေပြီး အာဏာသိမ်းစစ်ကောင်စီဟာ မြို့ပြနဲ့ လမ်းမတန်းတွေကို လက်မလွှတ်ရအောင် အနိုင်နိုင်ထိန်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ တော်လှန်ရေးတစ်ဆင့်တက်မည်ဆိုသည့်စာထွက်အပြီး တပ်မှစွန်ခွာသူ ပျက်ကွက်သူများရှိကြောင်း ၎င်းတို့အားယနေ့ လိုက်လံရှာဖွေမှုများကြောင်း “ခါတိုင်းလည်း ပြေးတာရှိတယ် ဒီနေ့တော့ ပိုများတယ် ခလရ ခမရ တို့ဆိုရင် ပိုလန့်ကြတယ် အကုန်လုံးက နားစွင့်နေကြတာ NUG ကသတင်းတစ်ခုထွက်လေ တပ်တွင်းမတည်ငြိမ်မှုပိုဆိုးလေပဲ” ဟု တပ်တွင်း Pre CDM တစ်ဦးမှပြောကြားခဲ့သည်။
စစ်အုပ်ချူပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ
ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်
NUG ၏ ပထမဆုံး တော်လှန်ရေးအဆင့်အောင်မြင်ကြောင်း ပြည်သူ့စစ်ဗျူဟာကျမ်းပြုနှင့်စစ်ရေးလေ့လာသူ တိုင်းရ်းသားစစ်ဘက်ပညာရှင် တစ်ဦးမှပြောကြားလိုက်ကြောင်း Myanmar Multimedia သတင်းမှာ ဖော်ပြထားပါတယ်။
“NUG ရဲ့ ပထမဆုံးတော်လှန်ရေးကြေညာချက်က အရေးကြီးဆုံးနဲ့ risk အများဆုံးပဲ သာမာန်လူ နားလည်အောင်ရှင်းပြရရင် နိုင်ငံတကာမှာ ကြားဖြတ်အစိုးရတွေဟာ နာမည်ပဲရှိတယ် Armed Power မရှိကြသလို Political legimaticy လည်းအားမကောင်းကြဘူး ဥပမာ တိဘက် ဟောင်ကောင် တို့က အဝေးရောက်အစိုးရတွေပေါ့ ။
အခု စက်တင်ဘာ ၇ ရက်မတိုင်ခင် NUG ဟာ ကမ္ဘာ့နိုင်ငံရေးအဖွဲအစည်း ပြည်တွင်းအဖွဲ့အစည်းမှာ မထင်မရှားပဲရှိသေးတယ် ဒါပေမယ့် EAO နဲ့ PDF တွေကစတိုက်နေတဲ့အတွက် စကစဟာ ပြန်တုန့်ပြန်ဖို့ အင်အားပြန်စုစည်းဖို့ အပစ်အခတ် ၄ လလောက်ရပ်ဖို့လိုနေတယ် သူကိုယ်တိုင်က EAO တွေကိုပြောလို့မရဘူး အဲဒီ့တော့ အာဆီယံနဲ့အလဲအလှယ်လုပ်တယ် စစ်ရပ်အောင်လုပ်ပေး ဝင်ခွင့်ပေးမယ်ဆိုတာမျိုး အာဆီယံကလည်း ရပ်ခိုင်းတယ် စကစကလည်း သဘောတူတယ်။
အဲဒီ့အချိန်မှာ NUG ဟာ ရုတ်တရက် တစ်နိုင်ငံလုံးက ခုခံစစ်စဖို့ စစ်ကြေညာလိုက်တယ် အကုန်လုံး အံ့သြသွားသလို အာဆီယံက ပိုပြီးမထင်ထားဘူး။ ဒါဆိုရင် NUG က ကြေညာတယ်ဆိုတော့ တကယ်ရော စစ်တိုက်ကြပါ့မလား ဆိုတာ ဆက်စောင့်ကြည့်ကြတယ်။
NUG မှာစစ်ကြီးဆင်နွှဲဖို့ အင်အားရှိမရှိဆိုတာကို စစ်ပွဲတကယ်ဖြ်မဖြစ်နဲ့စပြီးစောင့်ကြည့်ကြတယ် အဲဒီ့အချိန် စကစဟာ တိုင်းပြည်တည်ငြိမ်အောင်လုပ်နေပြီ ဆိုပြီးပြောထားသလို အာဆီယံဟာလည်း အပစ်ရပ်ဖို့ကြေညာထားတယ်။
အဲဒီ့တော့ NUG ပြောတဲ့အတိုင်းဖြစ်မလား အာဆီယံနဲ့စကစ ပြောတဲ့အတိုင်းဖြစ်မလားစောင့်ကြည့်ကြတယ်…။ နိုင်ငံတကာက အဲဒီ့လို ကြေညာအပြီး နောက်ရက်မှာတော့ ယခင်ရှိပြီးသား စစ်ပွဲတွေအပြင် တစ်နိုင်ငံလုံး တိုက်ပွဲမျိုးစုံ စပေါ်လာတယ်။
တဖြေးဖြေးနဲ့ အားကောင်းလာတယ် ပြင်းထန်လာတယ် အဲဒီ့အချိန်မှာ စစ်ကောင်စီ ရော အာဆီယံစကားပါ မလွှမ်းမိုးတော့ဘဲ NUG ရဲ့ ကြေညာချက်က အလွှမ်းမိုးဆုံးဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှာ မထင်မရှားရှိခဲ့တဲ့ NUG ဟာ အခုဆိုရင် NUG နဲ့မဆွေးနွေးရင် ဘာမှလုပ်ရမှာမဟုတ်ဘူးဆိုတဲ့ ပြည်တွင်းသြဇာသက်ရောက်သွားတယ်။
အကယ်၍ NUG ကစစ်ကြေညာချိန် ဘယ်သူမှစစ်မတိုက်ဘဲ စိတ်လည်းမဝင်စားကြရင် သြဇာမသက်ရောက်တဲ့သဘောဖြစ်ပြီး နောက်ဆုံး အာဆီယံကတောင် ဂရုစိုက်မှာမဟုတ်တော့ဘူး…။
ဒါ့ကြောင့် NUG ဟာ တော်လှန်ရေးတာထွက်ကောင်းခဲ့တယ် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာတွေလည်း အများကြီးကျန်သေးပေမယ့် တော်လှန်းရေးနောက်တစ်ဆင့်ကို ပထမအဆင့်လောက်မခက်ခဲဘဲ ဆက်လက်တက်နိုင်ခဲ့ပြီး အရေးကြီးဆုံးက တာထွက်တဲ့အချိန်ပဲ တာထွက်ကောင်းသွားပြီဖြစ်လို့ အဆုံးထိ ဆက်ပြေးရတော့မယ်။
အရှိန် အလျော့အတင်းရှိပေမယ့် သူ့ကို စစ်ကောင်စီအနေနဲ့ရပ်ဖို့ ဖျက်ဆီးဖို့မလွယ်တော့ဘူး လက်နက်တို့ ရိက္ခာတို့ကတော့ ဗျူဟာ တိုက်အားပေါ်မူတည်ပြီး ဖြည့်သွားဖို့ပဲလိုတယ် ဒါကလည်း နောက်အဆင့်တွေမှာ ပါလာပါလိမ့်မယ် ” ဟု ပြည်သူ့စစ်ဗျူဟာကျမ်းပြုနှင့် စစ်ရေးလေ့လာသူမှ ပြောကြားခဲ့သည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဘတ်ဂျက် အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိပြီး မကြာမီ ရရှိမည်ဖြစ်ကြောင်း NUG အစိုးရ သယံဇာတ ဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်ထားပါသေးတယ်။
NUG အစိုးရ ဝန်ကြီး ဒေါက်တာတူးခေါင်
စစ်ကောင်စီဘက်မှာလည်း ယင်းတို့အနေနဲ့ စစ်အင်အားလိုအပ်နေသဖြင့် ပြန်လည်ခိုင်းစေနိုင်သည့် စစ်မှုထမ်းဟောင်းများအား လုံခြုံရေးနှင့် စစ်ရေးတာဝန်များပေးအပ်နေကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။
စစ်မှုထမ်းဟောင်းများအား လုံခြုံရေးနှင့်စစ်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်မှုထမ်းဟောင်းအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်စိုက်ရာ မြို့ကြီးအသီးသီးတွင် စစ်မှုထမ်းဟောင်းများအား တွေ့ ဆုံပွဲများပြုလုပ်၍ ဆန်၊ဆီအခြေခံစားကုန်နှင့် ဆေးဝါးများထောက်ပံ့ကာ စစ်ကောင်စီမှ လိုက်လံစည်းရုံးခဲ့တာလို့ ဆိုပါတယ်။
စစ်မှုထမ်းဟောင်းများ
တာဝန်ပေးအပ်ရာတွင် အသက် ၇၀နှစ်နှင့်အောက် စစ်မှုထမ်းဟောင်းများ ပါဝင်ပြီး အသက်အရွယ်အလိုက် တာဝန်များပေးအပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
“ မနေ့က အစည်းအဝေးလုပ်တယ်။ လုံခြုံရေးလိုက်ရမယ်ပြောတယ် ။ ဝေးလားနီး လားတော့မသိဘူး။ အသက်ကြီးပိုင်းတွေက လုံခြုံရေးပေါ့။ ငယ်တဲ့သူတွေကို ဘာတာဝန်ပေးမလဲမသိသေးဘူး ” ဟု ရန်ကုန်တိုင်းအတွင်းမှ အသက် ၆၈နှစ်အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးကပြောဆိုကြောင်း MPA သတင်းမှာ ဖော်ပြထားပါတယ်။
အနောက်မြောက်စစ်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ တိုက်ပွဲတွေအဖြစ်များပြီး စစ်ကောင်စီက စစ်ကိုင်းတိုင်းဘက်က ကျေးရွာတွေမှာ အကြမ်းဖက် လုယက်မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူ သောင်းနဲ့ ချီပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထန်တလန် စစ်ဘေးရှောင်များ
အလားတူ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်ဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရပါတယ်။