စက်တင်ဘာ ၂၀ ရက်နေ့ ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် ရဲဘော်မှာ မန္တလေးဆန္ဒပြပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့်စိုင်းဘုန်းမင်းသန့်ဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးခဲ့သူတစ်ဦးက ပြောသည်
လက်နက်ကြီးကျတယ်လို့ သိရတယ်။ Body တောင် ပြန်မရသေးပါဘူး။ မသင်္ဂြိုဟ်ရသေးပါဘူး ဟု ပြောသည်
အသက် ၂၀ ကျော်အရွယ် မန္တလေးစက်မှုလက်မှုသိပ္ပံကျောင်းသားသည် စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်
စိုင်းဘုန်းမင်းသန့်သည် မန္တလေးမြို့ ဆန္ဒပြပွဲများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်လေ့ရှိသူဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကယားပြည်နယ်သို့ ထွက်ခွာ၍ လက်နက်ကိုင်တော်လှန်ခြင်းဖြစ်ကြောင်း ထိုအမျိုးသားက ဆိုသည်
သူက ဆန္ဒပြ စစ်ကြောင်းမှာဆို ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးပါ။ အရမ်းနှမြောပါတယ်။ သူ ကယားသွားတာလည်း ရက်ပိုင်းပဲ ရှိသေးတယ်။ စိတ်မကောင်းဘူး ဟု ၎င်းက ဆက်ပြောသည်
စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသော်လည်း ဆန္ဒပြပွဲများ ဆက်လက်ရှိနေသည့် မန္တလေးမြို့တွင် မန္တလေးဆန္ဒပြအင်အားစုက ယနေ့ စက်တင်ဘာ ၂၂ ၌ စိုင်းဘုန်းမင်းသန့်ဓာတ်ပုံ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်
စိုင်းဘုန်းမင်းသန့် သေဆုံးခဲ့သည်ဟုဆိုသည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာအနီး တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA ၊ ဒီးမော့ဆို PDF တို့လည်း KNDF နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်
တိုက်ပွဲများအတွင်း KNDF ရဲဘော်တစ်ဦး သေဆုံးပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသွားသော တပ်ဖွဲ့ဝင်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်ကျောက်တင်အလေးပြုကြောင်း KNDF က ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည် Ref: မွနျမာနောငျး