News

လက်နက်ကိုင် တိုက်ပွဲဆီသို့ ဦးတည် လာနေသော မြန်မာတို့၏ ခုခံတွန်းလှန်မှု

မင်းအောင်လှိုင်မှ အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူလိုက်ခြင်း ဖြင့် တိုင်းပြည်ကို လုယက် ယူငင် သွားသည့် ဖေဖေါ်ဝါရီ ၁ ရက် နေ့ အထိ ဇော်မောင်မြင့် (အမည်ရင်းမဟုတ်) သည် နူးညံ့သွယ်ပြောင်းသော လက် ချောင်း များ နှင့် ဖေ့စ်ဘုတ် ပွတ်ရခြင်းကို ခုံမင်နှစ်သက် တတ်သည့် သူလိုကိုယ်လို၊ မြို့ပြတွင် ကြီးပြင်းလာ သူ တဦးပင် ဖြစ်သည်။

သိပ်မကြာခင် အချိန်မှာပင် နယ်ခြား ရှိ တောတွင်းတနေရာ သို့ လှစ်ကနဲ ရောက်ရှိသွားပြီး အင်အား လွန်စွာ တောင့်တင်းသော တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့၏ စစ်သင်တန်းပေးသည်ကို သွားရောက် သင်ယူခဲ့သည်။ ထိုနေရာတွင် သူ့လို လူမျိုးများသာမက စစ်တပ်မှ ထွက်ပြေးခိုလှုံလာသူ များလည်း ရှိပြီး သူတို့ နှင့် အတူ လက်ရည်တပြင်တည်း မျှစ်၊ ငပိရည် တို့ ဖြင့် စခန်းသွားခဲ့ရသည်။ ဇော်မောင်မြင့် သင်ယူ နေသည်မှာ စနိုက်ပါ ခေါ် လက်ဖြောင့်တပ်သား တဦး ဖြစ်လာနိုင်ရန်ပင်။

“အကယ်၍သာ ဒီအချိန်မှာ ကျွန်တော် ဘာအလိုချင်ဆုံးလဲလို့ မေးလာရင် သေနတ်ပဲလို့ ပြန်ဖြေမိမှာပါ” ဟု ဇော်မောင်မြင့် က ပြောသည်။

ဇော်မောင်မြင့်ကဲ့သို့ပင် မြန်မာသည် အကြမ်းဖက် နွံအိုင်ထဲသို့ တဖြေးဖြေး သက်ဆင်းလာနေပြီ ဖြစ်သည်။ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များအား ဖမ်းဆီးပြီး နောက်တွင် ဘီလူးသရဲ စီးကာ တနိုင်ငံလုံး ကို သွေးချောင်းစီးအောင် ပြုမူလာပေတော့သည်။ ၎င်းတို့ကို အာခံသူများ အပေါ် နှိမ်နှင်း ရန်ဆိုကာ အရပ်သား ၁,၀၀၀ ကျော်ခန့်အား သ တ် ဖြတ်ခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေါ်ကီတော်ကီ ပိုင်ဆိုင်သည် ဆိုသော အရည်မရ အဖတ်မရ စွပ်စွဲမှု များ အတွက် တရားရုံး တွင် ရင်ဆိုင်နေသည့် ဓါတ်ပုံမှတပါး လူထုမြင်ကွင်းမှ ပျောက်ကွယ်သွားရလေသည်။

သူမနှင့် အတူ ပျောက်ကွယ်သွားခဲ့ရသည်က အကျယ်ချုပ် ကျခံနေရစဉ်အတွင်း သူမကိုယ်တိုင် ဦးဆောင်ဦးရွက် ပြုခဲ့သည့် ဒီမိုကရေစီ လှုပ်ရှားမှုကြီး၏ နှလုံးသည်းပွတ် ဖြစ်သော အကြမ်းမဖက် ဆန့်ကျင်ရေး ဆိုသည်ပင် ဖြစ်သည်။ ထိုလှုပ်ရှားမှုကြီး နှင့် နှစ်ပေါင်းများစွာအုပ်ချုပ်လာသော စစ်အုပ်ချုပ်ရေး၏ နောက်ပိုင်း ၂၀၁၅ တွင် ရွေးချယ် တင်မြှောက်ခံ အစိုးရ အဖြစ်နှင့် အာဏာသို့ တက်လှမ်းလာနိုင်ခဲ့သည်။

ဇော်မောင်မြင့်သည် မကြာမီက နေရာအနှံ့အပြား တွင် ပေါ်ပေါက်လာသည့် ရာပေါင်းများစွာသော ပြည်သူ့ ကာကွယ်‌ရေး တပ်ဖွဲ့ ဝင်များထဲမှ တဦးလည်း ဖြစ်သည်။ ဤသည်ကို ဒေးဗစ် နှင့် ဂိုလိုင်းယပ်စ် ဖြစ်စဉ်မျိုး ဟု မြန်မာနိုင်ငံ အကြောင်း အစဉ်တဆက် မှတ်တမ်းတင်ခဲ့သူ Nikkei Asia Review မှ Gwen Robinson က မှတ်ချက် ချခဲ့သည်။

စစ်တပ်သည် ဘီလီယံ ပေါင်း များစွာဖြင့် ဘတ်ဂျက်ကို ထိန်းချုပ်ထားနိုင်ပြီး PDF ဗော်လန်တီယာ လေးများကတော့ NUG မှ လျို့လျို့ဝှက်ဝှက် ရောင်းချပေးနေသည့် ထီ မှ ရသော ဝင်ငွေလောက်ကိုသာ အားကိုး ပြုနေရသည်။ ထိုသို့သော အနေအထားမှာပင် ကြောက်မက်ဖွယ် ကောင်းလှသည့် အကြမ်းဖက် ရစ်လုံးကြီး က တဝီဝီ နှင့် ကြိုးစများ ဖြေလျော့ထွက်လာနေပြီ ဖြစ်သည်။

စစ်တပ်က “အကြမ်းဖက် PDF” များ၏ လက်ချက်ဖြင့် မြို့ရွာ အနှံ့တွင် ၎င်းတို့ဖက်မှ ၈၀၀ ကျော် သေဆုံး သွားခဲ့ရပြီဟု ဝန်ခံခဲ့ပြီး ဖြစ်သည်။ PDF တပ်ဖွဲ့ဝင်များက စစ်တပ်ပိုင် မိုင်တဲ တယ်လီဖုန်း တာဝါတိုင်များစွာကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။ (နောက်ဆုံးရရှိသည့် သတင်းအရ ၈၀ ကျော် ရှိပြီ ဖြစ်သည်)၊ ထို့အတွက် တာဝါတိုင် ပတ်ပတ်လည် တွင် မိုင်းထောင်ထားရသည့် အဆင့် အထိ ရောက်လာခဲ့သည်။

လုံခြုံရေး ဆိုင်ရာ သုတေသီ တဦး ဖြစ်သည့် အန်ထော်နီ ဒေးဗီစ်က “တသက်လုံး မပြီးတော့သော၊ သောင်းကျန်း မှု” ဟု ကင်ပွန်းတပ်ခံခဲ့ရသော၊ တိုက်ပွဲများကို နှစ်ပေါင်းများစွာ တိုက်ခိုက်လာရသဖြင့် ရက်စက် ကြမ်းကြုပ် နေကြပြီဖြစ်သော စစ်သား များက လက်တုန့်ပြန်ရန် လက်မနှေးကြတော့ပေ။ အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား ထောက်ခံနေသည့် အရပ်သားများကိုပင် PDF များကို တုန့်ပြန်နိုင်ရန် လေ့ကျင့်ပေးလာခဲ့ကြသည်။

ပို၍ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလာရသည်မှာ ထိုကဲ့သို့ သော ကြမ်းတမ်းလာနေသည့် တွန်းထိုး ရုန်းကန် နေမှုများသည် ကာလကြာမြင့်စွာ ဖြစ်ပွားနေသော လူမျိုးစု လက်နက်ကိုင် ပဋိပက္ခ များအတွင်း ဖြတ်သန်း စီးမျောသွားတော့မည့် အရေးပင် ဖြစ်သည်။

နိုင်ငံ အလယ်ပိုင်း အနောက်ခြမ်းတွင် စစ်တပ်ကို ခုခံ တိုက်ပွဲဝင် နေသော PDF များ ၏ တိုက်ပွဲသည် နိုင်ငံ၏ ပဋိပက္ခများ ဖြစ်ပွားနေရာပြ မြေပုံကြီးကို အောက်ခြေမှနေ၍ ပြောင်းပြန် လှန်ပြစ်တော့မည်ဟု ဒေဗီးစ် က Asia Times တွင် ရေးသားခဲ့သည်။

PDF များ သည် နိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သော ကေအိုင်အေ နှင့် ချိတ်ဆက်မိနိုင်သည့် လမ်းကြော ကြီး တခု ဖေါက်လာနိုင်တော့မည် ဖြစ်သည်။

ယင်းနှင့် အတူ ကေအိုင်အေ၏ မဟာမိတ် ဖြစ်သော ချင်း နှင့် ရခိုင် ပြည်နယ် အတွင်းရှိ အာရကန် တပ်တော် (AA) နှင့်လည်း ချိတ်ဆက်မိလာ နိုင်သည်။ AA သည် စစ်တပ်နှင့် ဗျူဟာမြောက် အပစ်အခတ် ရပ်စဲရန် နားလည်မှု ယူထားဆဲ ဖြစ်သည်။

ဤသည်ကလည်း လူသူလက်နက် အား ပို၍ ကောင်းမွန်လာအောင် ပြန်လည် စုစည်းရန်သာ ဖြစ်ပြီး ထိုလမ်း ကြောင်းများမှတဆင့် လက်နက်အမြောက်အများက သူတို့ နယ်မြေများထဲသို့ အလုံးအရင်းနှင့် စီးမျော ဝင်ရောက် နေပြီ ဖြစ်သည်။

NUG သည် တိုင်းရင်းသား လူမျိုးစု ပေါင်းစုံ နှင့် သူတို့၏ လက်နက်ကိုင် အင်အားစုများ၏ ထောက်ခံမှု အခိုင် အမာရရန် ရည်ရွယ်ပြီး ခေါင်းဆောင်များကို စည်းရုံး စုစည်းလာခဲ့သည်။ NUG အစိုးရ အဖွဲ့ဝင် တဝက် နီးပါး သည် တိုင်းရင်းသား လူမျိုးစု နွယ်ဝင်များ ဖြစ်နေသည်။ ဗမာ လူမျိုး အများစု ကြီးစိုးခဲ့သော ‌ဒေါ်အောင်ဆန်း စုကြည် အစိုးရ ပုံစံနှင့် သိသိသာသာ ကွဲထွက်လာခဲ့ခြင်းမျိုးလည်း ဖြစ်သည်။

ထို့အပြင် NUG သည် ကုလ သမဂ္ဂတွင် နေရာရရှိရေး အတွက် တွန်းတွန်းတိုက်တိုက် လှုပ်ရှားလာခဲ့သည်။ (ဆုံးဖြတ်ချက် ချဖို့ ရွှေ့ဆိုင်း ခံလိုက်ရသည်)

ကေအင်ယူ နှင့် ကေအိုင်အေ တို့ကဲ့သို့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်များသည် ယခုအခါ အသစ် ပေါ်ပေါက်လာသော ဒီမိုကရေစီ တိုက်ပွဲဝင်သူများအား လေ့ကျင့်ပေးနေသော်လည်း စစ်တပ်ကို တစုတစည်း တည်း ခုခံ ကြမည့် အင်အားကြီး တရပ်အဖြစ် ပြောင်းလဲသွားမည် ဆိုသည့် အတွေးက မှားသည်ဟုပင် ဆိုရမည် ဖြစ်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်
မြန်မာရှိ မဟာဗျူဟာ လေ့လာရေး အဖွဲ့ မှ မင်းဇင် ဆိုသူက ယခုအချိန်အထိ NUG ၏ တောင်းဆိုချက် ဖြစ်သော “ဖက်ဒရယ် အာမီ” ကြီး အဖြစ် စုစည်းနိုင်ဖို့ အရေးကို မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကမျှ တုန့်ပြန် ခဲ့ခြင်း မရှိသေးပေ။

အချို့သော လက်နက်ကိုင် အဖွဲ့များက ရတောင့်ရခဲဟု သူတို့ ယူဆထားသည့် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး ကို ထိန်းသိမ်းထားလိုဟန် ရှိသည်။ သို့မှလည်း သူတို့ လက်ဝယ်ရှိ ကျောက်စိမ်း၊ သစ် နှင့် မူးယစ်ဆေးဝါး လုပ်ငန်းများ အရာမယွင်း ဘဲ ရှိနေမည်လည်း ဖြစ်သည်။

အချို့ကလည်း NUG သည် ဗမာ အားပြု စီမံချက် ချ လုပ်ကိုင်နေသည်ဟု သံသယ များ ကိန်းအောင်းနေကြပြီး AA ကဲ့သို့ပင် ပြည်မကြီးတွင် စစ်တပ်သည် ဒီမိုကရေစီ အင်အားစုများ နှင့် အကြိတ်အနယ် တိုက်ခိုက်နေစဉ် အတွင်း မိမိတို့ နယ်မြေ များကို ဖဲ့ယူ နိုင်ရန် တွေးတောနေကြဆဲ ဖြစ်သည်။

အမှောင်လွှမ်းလာနေပြီ ဖြစ်သော နိုင်ငံသည် ဝရုန်းသုံးကား အဖြစ် သို့ ဦးတည်နေသည်နှင့် အမျှ ရှုပ်ထွေးမှု များစွာ ဖြင့် မှောင်မိုက်သည်ထက် မှောင်မိုက်လာဖို့သာ ရှိပေတော့သည်။

(အီကော်နော်မစ် မဂ္ဂဇင်းကြီး တွင် ၂၀၂၁ စက်တင်ဘာ ၂၅ ရက်နေ့ တွင် ပါရှိလာမည့် “Myanmar’s resistance movement is turning v i o l e n t” ဆောင်းပါးကို ပြန်ဆိုသည်)

“တော်လှန်‌ရေး မုချ အောင်ရမည်!!!