ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို R2P ဆိုင်ရာဝန်ကြီးများအဆင့် နှစ်ပတ်လည်အစည်းအဝေးမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့အပေါ် အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း
စက်တင်ဘာ ၂၂ ရက်က (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ အဆိုပါ အစည်းအဝေးကို Global Center for Responsibility to Protect (GCR2P) အဖွဲ့ကဦးဆောင် ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်တက်ရောက် မိန့်ခွန်းကြားခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်တာဖြစ်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အစည်းအဝေးမှာ ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ဒီဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်အားပေးရာရောက်ကြောင်းနဲ့ ဦးကျော်မိုးထွန်းနဲ့ ထိတွေ့ဆောင်ရွက်တာ အားပေးအားမြှောက်ပြုတာတွေကို ရှောင်ကြဉ်ဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်
ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ NUG အဖွဲ့ကို ကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းသူ့ရဲ့ မိန့်ခွန်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေတဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ အချက်အလက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။
အလားတူ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ခွင့်မရတဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ကနေ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး CRPH နဲ့ NUG တို့ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် NUGအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို NUG၏ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့မှ လတ်တလောမြန်မာ့နိုင်ငံရေး အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ ၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအခြေအနေ များနှင့် COVID -19 ကာကွယ်ဆေး အကူအညီပေးရေး ဆိုင်ရာ အခြေအနေတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့် စူးစိုက်ဆောင်ရွက်မှုများအတွက် အမေရိကန်က အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောဆိုလိုက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ Mr. Kim W. Moy ( Senior Bureau Official for the Bureau of the East Asia)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး တို့လည်း တက်ရောက် ခဲ့ကြကြောင်း NUG၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ဦးကျော်မိုးထွန်း တက်ရောက်
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပြီး အထွေထွေညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဆွေးနွေးခွင့် ပြုထားပါတယ်။