News

စစ်သားနှင့် ရဲများ CDM ပြုလုပ်မည်စိုးရိမ်၍ ကားပါမစ်ချပေးမည်ဟု စစ်ကောင်စီ စည်းရုံး

စစ်ကောင်စီမှ ပင်စင်ယူရန် ၃ နှစ် အလို အသက် ၅၇ နှစ် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ရဲတပ်ဖွဲ့ဝင်များအား ကားပါမစ်ချပေးမည်ဟုညွှန်ကြားကာ စစ်ကောင်စီမှ စည်းရုံးနေကြောင်း သတင်းရရှိသည်။

 

စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံ ဆိပ် ရရှိပြီးသည့် စစ်သားနှင့်ရဲများ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှတဆင့် လျှောက်ထားနိုင်သည်ဟု စစ်တပ်နှင့်ရဲတပ်ဖွဲ့များသို့ ညွှန်ကြား ထားကြောင်း သိရသည်။

” စစ်မှုထမ်းကောင်းတံဆိပ်ရပြီးဖြစ်ရမယ်။ ပင် စင်ယူဖို့ ၃ နှစ်အလိုဆိုရင်အကျုံးဝင်တယ်။ လျှောက်လို့ရတယ်လို့ ညွှန်ကြားထားတယ်”ဟု ပင်စင်ယူခါနီး စစ်မှုထမ်း တဦးက ပြောကြောင်း ဧရာဝတီတိုင်းမ် သတင်းတွင် ဖော်ပြထားပါတယ်။

စစ်​ကောင်စီလက်အောက်ခံ နယ်ဘက်ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ့ဝန်ထမ်းကောင်းတံ ဆိပ်ရရှိပြီးပါက သတ်မှတ်ချက်နှင့်အညီပြည့်စုံလျှင် လျှောက်ထားနိုင်ကြောင်း သိရသည်။

အာဏာသိမ်းခေါင်းဆောင်
” ဒီလိုစည်းရုံးတာက ရဲနဲ့စစ်သား CDMလုပ်မှာ စိုးတာကြောင့်က အဓိကပေါ့။ ဒီ စစ်တပ်နဲ့ရဲထဲက စစ်မှုထမ်းကောင်းတံဆိပ်နီးတဲ့သူတွေကိုလည်း စည်းရုံးပြီးသားဖြစ်တယ်။ ပင်စင်ယူခါနီး စစ်မှု ထမ်းတွေကိုလည်း မက်လုံးပေးပြီးသားဖြစ်တယ်။ ကားရပြီး ပင်စင်ယူပြီးသွားတဲ့ စစ်မှု ထမ်းဟောင်း တွေကိုလည်း ပြန်ခိုင်းလို့ကောင်း တာပေါ့။ ဒီသဘောပါဘဲ။” ဟု တပ်မတော်သား ဟောင်းတဦးက သုံးသပ်ပြောဆိုသည်။

ယခင် NLD အရပ်သားအစိုးရလက်ထပ်က ဝန်ထမ်းများအား သတ်မှတ်ချက်များဖြင့် ကားပါမစ် ချပေးရန်စီစဥ်ခဲ့သော်လည်း စစ်တပ်ထိန်းချုပ်ထားသည့် ဝန်ကြီးဌာန ၃ ခုပါဝင်ခြင်းမရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၄င်း အစီအစဥ်အားအသုံးပြုပြီး ၄င်း၏လက်အောက်ရှိတပ်ဖွဲ့ဝင်များအား စည်းရုံးမှုပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်အတွင်း လုပ်သက် ၂၅နှစ်ပြည့်၍ မှင်နီ(ပြစ်မှု)မရှိပါက ငွေသား ၅ သိန်းဖြင့် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ပြီး၊ ရဲတပ်ဖွဲ့အတွင်း လုပ် သက် ၂၆ နှစ်ပြည့်၍ ပြစ်မှုတစုံတရာမရှိပါက ငွေသား နှစ်သိန်းလေးသောင်းဖြင့် ရဲမှုထမ်းကောင်းတံဆိပ်ချီးမြှင့်ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် စစ်အင်အားလိုအပ်ချက်အရ နှုတ်ထွက်/ထုတ်ပယ်ပြီး စစ်မှူထမ်းဟောင်း များအား စစ်ရေးနှင့်လုံခြုံရေးကိစ္စရပ်များတွင် ပြန်လည်အသုံးပြုနိုင်ရန် စစ်မှုထမ်းဟောင်းများအား အခြားခံစားခွင့်များပေး၍ စည်းရုံးနေကြောင်းသိရသည်။

ဒါ့အပြင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စီနိုဗက်ကာကွယ်ဆေး ဟာ အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေကို ထိုးနှံနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ကို ကိုးကားပြီး စစ်ကောင်စီကအခုလိုစီစဥ်လာတာပဲဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကနေ ကာကွယ်ဆေး ၂၄ သန်းကျော်ဝယ်အပြီးမှာ ဦးစားပေးအုပ်စုတွေ တိုးချဲ့ထိုးပေးလျက်ရှိပြီး အခုတခါ ကျောင်းသားတွေက ပထမဆုံးပါဝင်လာတာပါ။

ကျောင်းသားမိဘအများစုကတော့ ကိုဗစ်အခြေအနေအရရော လက်ရှိဖြစ်ပေါ်နေတဲ့ ပစ်ခတ်ပေါက်ကွဲမှုအခြေအနေတွေအရပါ ကလေးတွေကို ကျောင်းပို့ဖို့ စိတ်မချဖြစ်နေကြတာပါ။

လက်ရှိမှာ ရောဂါကူးစက်မှုနှုန်းများ ကျဆင်းမှုကြောင့် ရုံးလုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေး ရုံးများအား နှစ်ပတ်တက်နှစ်ပတ်နား စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါကူးစက်မှု ရာခိုင်နှုန်းမှာ ၅ ရာခိုင်နှုန်းအောက် ရောက်ရှိမှသာ စိတ်ချရတဲ့ အခြေအနေဖြစ်တာကြောင့် စာသင်ကျောင်းများကို အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်ထားမှာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

ယခုအခါ မြန်မာနိုင်ငံမှာ တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃ သိန်းခန့် ထိုးနှံပေးလျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁၅ သန်း ၆ သိန်း ရရှိထားပြီးဖြစ်၍ စက်တင်ဘာ ၂၃ရက်နေ့ နံနက်အထိ ၉၇၄၆၅၄၇ ဦး ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၃၅၈၅၉၀၆ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၂၅၇၄၇၃၅ ဦး ရှိပြီဖြစ်ကြောင်း၊ အောက်တိုဘာလမှာလည်း ကာကွယ်ဆေးအလုံးရေ ၁၀ သန်း ရောက်ရှိမှာ ဖြစ်ပြီး စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ အဆိုပါအစည်းအဝေးက သိရပါတယ်။