News

တိုက်ပွဲပြင်းထန်နေသည့် ဒီးမော့ဆိုနယ်မှ နေအိမ်အချို့တွင် စစ်ကောင်စီတပ်သားများ မိုင်းထောင်

တိုက်ပွဲပြင်းထန်နေသည့် ဒီးမော့ဆိုနယ်မှ နေအိမ်အချို့တွင် စစ်ကောင်စီတပ်သားများ မိုင်းထောင်
===================
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၂၆ရက် နံနက် ၁၀နာရီဝန်းကျင်မှစ၍ နေ့လယ် ၁နာရီ မိနစ်၃၀ အချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်းသိရပြီး စစ်သားများမှ နေအိမ်အချို့တွင် မိုင်းထောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။ စစ်ကောင်စီတပ်သားများသည် ဒီးမော့ဆိုမြို့နယ် သေဆူးလဲရွာမှ နေအိမ်တစ်လုံးအား ဝင်ရောက်မွှေနှောက်ပြီး မိုင်းထောင်ထား‌ခဲ့သည်။

“တိုက်ပွဲက ပစ်လိုက်ရပ်လိုက်နဲ့ တိုက်နေကြတာ။ ရှေ့တန်းမြေပြင်က သတင်းပို့လာတာပါ။ စစ်သားတွေက အိမ်အချို့မှာ ပစ္စည်းတွေရိုက်ဖျက်ထားတာမျိုးတွေလုပ်ပြီး ဆိုင်ကယ်တစ်စီးပေါ်မှာမိုင်းထောင်သွားတယ်” ဟုဒေသခံတော်လှန်ရေး တပ်သားတစ်ဦးကပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၅ ရက်တွင်လည်း ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနှင့်ကျောက်ဆည်ကန်အနီးတစ်ဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KA၊ KNDF တို့ ၁၀နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ အဆိုပါတိုက်ပွဲအတွင်း နှစ်ဘက် အကျအဆုံးရှိခဲ့ပြီး စစ်ကောင်စီတပ်သားများက ကုန်းသာရွာမှ နေအိမ် ငါးလုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကုန်းသာကျေးရွာအကျော်တွင် အရပ်သားများမောင်းနှင်လာသည်ဟု ယူဆရသည့် ကားတစ်စီးအား စစ်ကောင်စီဘက်မှ ပစ်ခတ်မီးရှို့ခဲ့ကြောင်းသိရပြီး၊ ထိုကားမီးလောင်ပြာကျနေသည်ကို တော်လှန် ရေးတပ်သားတစ်ဦးမှ အွန်လိုင်းပေါ်တင်ထားသည့် ရုပ်ပုံများထဲတွင် တွေ့ရသည်။

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့် ထိုးစစ်ဆင်လာမှုကို ကရင်နီတပ်မတော်၊ KNDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ပွဲတွင်ကျဆုံးခဲ့သည့် လွိုင်ကော် PDFမှ ရဲဘော်မောင်ပါစ္စကွားလယ်အား သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကစက်တင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ crd- ဝေယံမိုး – မဇ္ဈိမ