News

စစ်ကောင်စီက ဧရာဝတီနှင့်ရန်ကုန် မြို့ကြီးများတွင် လုံခြုံရေးချထားသော စစ်သားများကို ပြန်ရုတ်ပြီး ရှေ့တန်းပို့

စစ်ကောင်စီက ဧရာဝတီနှင့်ရန်ကုန် မြို့ကြီးများတွင် လုံခြုံရေးချထားသော စစ်သားများကို ပြန်ရုတ်ပြီး ရှေ့တန်းပို့
ဧရာဝတီတိုင်းမ်စက်တင်ဘာ ၂၈ ရက်

အာဏာသိမ်း စစ်ကောင်စီက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် လုံခြုံရေးချထားသည့် တပ်တချို့ကို ပြန်လည်ရုတ်သိမ်းကာ စစ်အင်အားလိုအပ်နေသည့် ကယားပြည်နယ်သို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း လှိုင်၊ သာကေတ၊ ကမာရွတ်မြို့နယ်များအပါအဝင်အခြားမြို့များရှိ လုံခြုံရေးချထားသည့်တပ်များနှင့် ဧရာဝတီတိုင်းရှိ ပုသိမ်၊ မအူပင်အပါအဝင် မြို့နယ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိရပြီး ယမန်နေ့ စက်တင်ဘာနောက်ဆုံးပတ်မှ စတင်ကာ တပ်များပြန်လည်ရုတ်သိမ်းသွားကြောင်း သိရသည်။

“ရွာမကျောင်းလမ်းပေါ်မှာရှိတဲ့ ဓမ္မာရုံမှာတပ်စွဲထားတဲ့ စစ်သား ၅၀ လောက်ရှိတယ်။ အရင်ရက်တွေက သူတို့အချင်းချင်း ပြောတာတော့ တစ်ရက်နှစ်ရက်အတွင်း ကယားဘက်တက်ရမယ်လို့ ပြောတာကြားတယ်။ အခု အဲ့ဓမ္မာရုံမှာ စစ်သားတယောက်မှ မရှိတော့ဘူး“ ဟု လှိုင်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့ခံတစ်ဦးကလည်း “မအူပင်မှာ အရင်က လုံခြုံရေးယူနေတဲ့စစ်သားက ၅၀ လောက်ရှိတယ်။ အခုက ၁၀ ယောက်လောက်ပဲ ရှိတော့တယ်။ ကင်းလှည့်တာတောင် အရင်က စစ်သားတွေနေ့တိုင်းလှည့်တာ။ အခု ရဲတွေပဲ လူအင်အား ၆ ယောက်လောက်နဲ့ ကင်းလှည့်တော့တာ”ဟု ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၇ ရက်နေ့) တွင် ရှမ်းပြည်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်များသို့ စစ်ကောင်စီ ယာဉ်တန်းအစီးရေ ၂၀ ခန့်ပေါ်တွင် စစ်သားများ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိကာ ကယားပြည်နယ်ကို ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်း လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်း၌ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်(တောင်ပိုင်း)ရှိ ကရင်နီတိုင်းရင်းသား အများစုနေထိုင်ရာ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် KNDF၊ KPDF၊ KA တပ်ဖွဲ့များ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

(ပုံဟောင်း ဖြစ်ပါသည်။)