ရွှေတကျပ်သား ၂၂သိန်းကျော်၊ တဒေါ်လာ ၂,၄၅၀ ကျပ်အထိ ဈေးပေါက်
ပြည်တွင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ အခုရက်ပိုင်းအတွင်း အဆမတန် တက်လာနေပါတယ်။
အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၂၂ သိန်းကျော် အထိ ရှိခဲ့ပြီး ဒေါ်လာဈေးကလည်း မြန်မာငွေ ကျပ် ၂,၄၅၀ အထိ ပေါက်ဈေးရှိခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်း ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်မှာပဲ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေကလည်း တစထက်တစ တက်လာနေတာပါ။
ဒီကနေ့ အင်္ဂါနေ့ အစောပိုင်းတုန်းက အကယ်ဒမီအခေါက်ရွှေ တကျပ်သားကို ၂,၀၅၀,၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပြီး
အပိတ်ဈေးကတော့ ၂,၂၁၃,၀၀၀ ဖြစ်ခဲ့ပါတယ်။
ရွှေဈေးကွက်မှာ ရောင်းသူထက် ဝယ်သူကပိုများနေပြီး ဈေးကွက်လိုအပ်ချက် များလာတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
“အရင်တုန်းက ရောင်းတဲ့လူက ရွှေတပိုင်းကို ကိုင်ပြီးတော့ သူတို့ကြိုက်တဲ့ဈေးကို ခေါ်ရောင်းတာ။
ဒီနေ့အချိန်ကျတော့ အဲလိုမဟုတ်တော့ဘူး။ ရောင်းတဲ့လူကကို ဈေးခေါ်ဝယ်တာ။
အဲဒီမှာတက်သွားတာဗျ။ အရင်ထက် ၅ ဆလောက် အဝယ်က ပိုများလာတယ်။”
ရွှေဈေးတက်လာချိန်ကစပြီး ဈေးကွက်ကိုထိန်းချုပ်နိုင်ဖို့ ရန်ကုန်နဲ့ မန္တလေးက ဝယ်လိုအားများတဲ့ ရွှေဆိုင်ကြီးတွေကို လက်ထဲပစ္စည်းရှိမှ အရောင်းအဝယ်လုပ်ကြဖို့၊
လုပ်ငန်းလုပ်မယ့် ပန်းထိမ်သမားတွေကိုပဲ ရွှေကိုအကန့်အသတ်နဲ့ ရောင်းချပေးဖို့ကို ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
အခုဈေးကွက်ထဲမှာ ရွှေဝယ်သူတွေများနေပြီး ကုန်ကြမ်းတွေပြန်ဝင်လာဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဦးမျိုးမြင့်က ဆက်ပြောပါတယ်။
“ကျနော်တို့ လုပ်ငန်းအားလုံးက ရပ်ထားပြီးတော့ ဒီရွှေဈေးမှာ လာပြီးတော့ ရောင်းကြ၊ ဝယ်ကြ။
ဒေါ်လာရရင် ဒေါ်လာဝယ်ကြ၊ ရွှေရရင် ရွှေဝယ်ကြ၊ အဲလိုလာလုပ်နေကြတာ။
ရွှေဈေးကို ငြိမ်အောင်တော့ ကျနော်တို့ ထိန်းနေပါတယ်။
ထိန်းနေတယ် ဆိုပေမယ့်လို့ အရင်ကလို ရွှေက ရွှေသမား၊ ဆိုင်သမား သီးသန့်ချည်း ဝယ်တာမဟုတ်ဘဲနဲ့ လုပ်ငန်းပေါင်းစုံကနေ လာဝယ်တဲ့အတွက် ရွှေဈေးကတော့ မတည်မငြိမ်ဖြစ်တယ်။
ဒါကိုတော့ ကျနော်တို့ ဈေးကွက်မှာ လိုအပ်တဲ့ရွှေကိုလည်း နယ်ကနေပြီးတော့ ရွှေကုန်ကြမ်းတွေရအောင် အခု ဆက်သွယ်ဆောင်ရွက်နေပါတယ်။
ရွှေကုန်ကြမ်းတွေ ပြန်ဝင်လာလို့ရှိရင်တော့ ဒီမှာဈေးကတော့ သူ့ဟာသူ ပြန်ကျသွားမှာပါ။
အခုလောလောဆယ်ကလည်း ကြောက်လန့်ပြီးတော့ ဝယ်နေကြတဲ့သဘောပါပဲ။
ခဏပါပဲ ဒီဈေးနှုန်းတွေက။ အဝယ်တွေ ရပ်သွားရင် ကျနော်တို့ရွှေဈေးက ပြန်ကျသွားမှာပါ။”
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ငွေကြေးအကြပ်အတည်းတွေဖြစ်ပြီး ဘဏ်အပ်ငွေ ထုတ်ယူမှုတွေကို အခုထိ ကန့်သတ်ထားပါတယ်။
အများစုက ဘဏ်ထဲက စုဆောင်းငွေကိုပဲ ထုတ်ယူဖို့စဉ်းစားနေကြပြီး တန်ဖိုးခိုင်မာတယ်လို့ ယုံကြည်ရတဲ့
အမေရိကန်ဒေါ်လာနဲ့ အခေါက်ရွှေကို စုဆောင်းလာတာကြောင့် ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်တက်လာတာလို့ လေ့လာသူတွေက ယူဆပါတယ်။
အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၇၅၅ ကျပ် ဗဟိုဘဏ်က ဒီနေ့ သတ်မှတ် ခဲ့ပြီး တရားဝင်ငွေလဲ ကောင်တာတွေမှာတော့ တဒေါ်လာကို ကျပ် ၂,၄၅၀ အထိ ဈေးပေါက်ခဲ့ပါတယ်။
ဈေးကွက်ထဲမှာ ဒေါ်လာဈေးအဆမတန် တက်လာနေလို့ ရောင်းအားထက် ဝယ်အားကပိုများနေပြီး တချို့ငွေလဲကောင်တာတွေအနေနဲ့ ဆက်မရောင်းတော့ဘဲ ဈေးပိတ်ခဲ့တာတွေလည်း ရှိပါတယ်။
ပြည်တွင်းမှာ နိုင်ငံခြားငွေလဲနှုန်း အဆမတန်တက်နေလို့ မရှိမဖြစ်လိုအပ်သူတွေအတွက်တော့ ပိုအခက်ကြုံလာနေပါတယ်။
“ဝယ်ရတာလည်း ခက်တယ်။ တဘရိတ်တည်းလည်း မဝယ်နိုင်ဘူးလေ။ အခုဟာက နည်းနည်းချင်းစီ ဝယ်နေရတာ။
ဒီဈေးနဲ့ဆိုရင် အခုဟာက ၂,၇၀၀ နဲ့တော့ ဝယ်တော့မဝယ်ရသေးဘူး။ ညီမအခုဝယ်ထားတဲ့ အမြင့်ဆုံးဈေးနှုန်းက ၂,၂၀၀ ပေါ့။
နောက်ထပ် လိုနေတဲ့ဟာကလည်း အခုဟာက ဘယ်ဈေးနဲ့ဝယ်ရဦးမယ် ဆိုတာ မသိသေးဘူး။ ဈေးတွေက အရမ်းမြင့်နေတာ။
ပုံမှန်အတိုင်းဆိုရင်တောင်မှ ညီမတို့က ဆေးကုဖို့ ၃၅၀ လောက် ကုန်မယ်ပေါ့ အဲလောက်မှန်းထားတာ။ အဲဒါတောင်မှ မနည်းရုန်းကန်နေရတာ။
အခုဟာက ဒေါ်လာဈေး ၂,၇၀၀ ၊ ၃,၀၀၀ အဲလိုသာ ဖြစ်သွားလို့ရှိရင်တော့ ဆေးကုဖို့တောင်မှ ပြန်စဉ်းစားရမယ့်ပုံ ဖြစ်နေပြီ။”
၂၀၂၁ ခုနှစ်အစပိုင်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၃၃၀ ကျပ် ရှိခဲ့ပေမယ့် အခု စက်တင်ဘာ လကုန်ပိုင်းမှာတော့ ၂,၄၀၀ ကျော်အထိရောက်လာပါတယ်။
ငွေလဲသူတချို့ကတော့ အမေရိကန်ဒေါ်လာအပြင် ရတဲ့နိုင်ငံခြားငွေတိုင်းကို ရောင်းသလောက် လဲယူတာတွေရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မှာဖွင့်လှစ် ထားတဲ့ ငွေလဲကောင်တာတခုကလည်း သူတို့အနေနဲ့ လိုသလောက်မလဲပေးနိုင် လို့ အရေအတွက်ကန့်သတ်ပြီး ဆောင်ရွက်ပေးနေရတယ်လို့ ပြောပါတယ်။
ရွှေဈေးနဲ့ ဒေါ်လာဈေး အဆမတန်တက်လာတာတွေကြောင့် စက်သုံးဆီနဲ့ စားသုံးဆီအပေါ် ရိုက်ခတ်မှုတွေရှိနေပြီး
ကုန်ဈေးနှုန်းတက်လာတာတွေကြောင့် အခြေခံလူတန်းစားတွေအတွက်လည်း စားသောက်ရေး ပိုအခက်ကြုံလာရပါတယ်။
ဆိုးရွားလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်မြန်မာက အာဆီယံနိုင်ငံတွေထဲမှာငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံဖြစ်လာနေ
အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ အမြင့်ဆုံးဖြစ်လာနေတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒဿမ ၂ ရာခိုင်နှုန်းဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ-
ထိုင်းနိုင်ငံအနေဖြင့် ၁ ဒသမ ၁ ရာခိုင်နှုန်း၊
ဘရူနိုင်း ၁ ဒဿမ ၃ ရာခိုင်နှုန်း၊
စင်ကာပူ ၁ ဒဿမ ၆ ရာခိုင်နှုန်း၊
အင်ဒိုနီးရှား ၁ ဒဿမ ၇ ရာခိုင်နှုန်း၊
အရှေ့တီမော ၂ ဒဿမ ၃ ရာခိုင်နှုန်း၊
မလေးရှား ၂ ဒဿမ ၅ ရာခိုင်နှုန်း၊
ဗီယက်နမ် ၂ ဒဿမ ၈ ရာခိုင်နှုန်း၊
ကမ္ဘောဒီယား ၂ ဒသမ ၉ ရာခိုင်နှုန်း၊
လာအို ၃ ဒဿမ ၇ ရာခိုင်နှုန်း၊
ဖိလစ်ပိုင် ၄ ဒဿမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံ၌ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ပြင်ပငွေကြေးလဲလှယ်သည့် စျေးကွက်တွင်
အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ ကျော်အထိ မြင့်တက်နေပြီး
ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်းမှာလည်း ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၂ သိန်းကျော်အထိ စံချိန်ချိုး မြင့်တက်လာနေပြီး
စက်သုံးဆီစျေးနှုန်းမှာလည်း ယခင်ကစျေးထက် ၉၀ ရာခိုင်နှုန်းမြင့်တက်နေခြင်းဖြစ်ပါတယ်။
ဒါ့ပြင် ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ GDP သည် ၁၈ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းလည်း
အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားတာကိုတွေ့ရပါတယ်။
ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာတာနဲ့အမျှ ပြည်သူတွေရဲ့ စား၀တ်နေရေးကလည်း တစ်ဆထက်တစ်ဆကြပ်တည်းလာမှာဖြစ်ပြီး
အလုပ်လက်မဲ့နှုန်းတွေလည်းတိုးပွားလာမှာဖြစ်ကာ အငတ်ဘေးဆိုက်နိုင်တဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။
ဒေါ်လာဈေး မမောက်ကမဖြစ်ကာ အတက်ကြမ်းနေ၊ရွှေဈေးပါလိုက်ခုန်တက်
ဘဏ်တွေက အမေရိကန်၁ဒေါ်လာကို ဒီကနေ့မှာ ၁၉၅၀ကျပ် အဖွင့်ဈေးနဲ့ အရောင်း၊အဝယ်လုပ်နေပြီး၊ဗဟိုဘဏ်ရဲ့ ဈေးကတော့ ၁ဒေါ်လာကို ၁၇၅၅ကျပ် ဖြစ်ပါတယ်။
ပြင်ပမှာတော့ အမေရိကန်၁ဒေါ်လာဈေးဟာ ငွေကျပ် ၂၃၀၀ ကျပ်အထိ ဈေးနှုန်းကမောက်ကမ နဲ့ ခပ်ကြမ်းကြမ်းတက်နေပါတယ်။
အချိုသောနေရာတွေမှာဆိုရင် အရောင်းအဝယ်တောင် ပိတ်ထားပြီး တစ်ချိုကဆို ၁ဒေါ်လာကို ငွေကျပ် ၂၅၀၀ကျပ်အထိ ဈေးဆွဲခေါ်နေကြပါတယ်။
အခေါက်ရွှေဈေးဆိုရင်လည်း ဒီကနေ့နေ့လယ်မှာ သိန်းနှစ်ဆယ်နှစ်သိန်းနှစ်သောင်းအထိ ဖြစ်သွားပါတယ်။
အခုဖြစ်နေတာတွေက နိုင်ငံကို ကမောက်ကမဖြစ်စေတယ်လို လုပ်ငန်းရှင်တွေကတစ်ညီတစ်ညွှတ်တည်းဆိုပြီး
အခြေအနေကို မထိန်းသိမ်းနိုင်ရင် နိုင်ငံစီးပွားရေးအခြေအနေဟာ အဆိုးဆုံးအခြေအနေဖြစ်သွားလိမ့်မယ်လိုလည်း အသိပေးစကားဆိုနေကြပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ငွေလဲလှယ်နှုန်းဈေးတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီလ နဲ့ နှိင်းယှဉ်ရင် ၁ ဒေါ်လာကို ပြင်ပပေါက်ဈေးအနေနဲ့ဆို ငွေတစ်ထောင်ကျပ်အထိ တက်သွားတယ်လို ဆိုရမှာပါ။
လက်ရှိမှာတော့ မြန်မာငွေတန်ဖိုးဟာ အကြီးအကျယ်ကျဆင်းနေပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ၊
အာရှဖွံဖြိုးရေးဘဏ်တွေရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် မြန်မာရဲ့ ဂျီဒီပီဟာ အာဆီယံနိုင်ငံအားလုံးထဲမှာမှ အနှုတ်လက္ခဏာဆောင်သွားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေပါတယ်။
၈လတာအတွင်းနိုင်ငံရဲ့ ကုန်သွယ်မှုဟာ အရင်ကာလတူထက် ၂၀ရာခိုင်နှုန်းကျော်ကျဆင်းနေပြီး ကုန်သွယ်မှုလိုငွေတွေဟာလည်း
အမေရိကန်ဒေါ်လာသန်းချီရှိနေတာကို နစကစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအချက်အလက်ကဖော်ပြနေပါတယ်။
လုပ်ငန်းရှင်ကြီးတွေကတော့ တာဝန်ရှိသူတွေ ခေါင်းချင်းဆိုင်ထိုင်ပြီး ဆွေးနွေးအဖြေရှာဖို လိုတယ်လို
တိုက်တွန်းကြပြီး နိုင်ငံရေးတည်ငြိမ်အောင် ဆွေးနွေးအဖြေရှာဖိုပါ မေတ္တာရပ်ခံကြပါတယ်။