အင်းလေးကန်၏ အရွယ်အစားမှာ ယခင်ကထက် ရေလွှမ်းမိုးမှု လျော့နည်းလာသဖြင့် ရေဖုံးလွှမ်းဧရိယာပေါ်တွင် လူဦးရေပမာဏတိုးမြှင့်မှု မရှိစေရေး ကုန်းပေါ်တွင်တဖြည်းဖြည်း ပြောင်းရွှေ့နေနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်
အောက်တိုဘာလ ၂ရက်က တောင်ကြီးမြို့နယ်ရှိ အေးသာယာစက်မှုဇုန်သို့ သွားရောက်စဉ် ၎င်း၏ နောက်လိုက်နောက်ပါများကို ပြောကြားရာတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
အင်းလေးကန်၏ အရွယ်အစားသည် ရှေးယခင်ကရှိခဲ့သည်ထက် ရေဖုံးလွှမ်းမှုပမာဏ လျော့နည်းလာသည်ကို သတိပြုရန်လိုကြောင်း၊ ရေဖုံးလွှမ်းဧရိယာပေါ်တွင် နေထိုင်သည့် လူဦးရေပမာဏ ထပ်မံတိုးမြှင့်မှု မရှိစေရေးနှင့် ရေပေါ်မှတဆင့် ရေစပ်၊ ရေစပ်မှတဆင့်ကုန်းပေါ်သို့ တဖြည်းဖြည်းပြောင်းရွှေ့နေထိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျွန်းမျှောလုပ်ကိုင်မှုကိုလည်း လျှော့ချရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသည်။
အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ကလောမြို့တပ်နယ်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ဆုံရာ၌ တပ်မတော်တွင် အခြေခံ သင်တန်းများ တက်ရောက်ပြီး သည်နှင့် မိမိကိုယ်ကို ထိန်းကြောင်းဆောင်ရွက်ကြရပြီး လိုက်နာရန် လိုအပ်သည်များကို လိုက်နာ၍ စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း စစ်ခေါင်း ဆောင်က ပြောသည်။
ထို့ပြင် အုပ်ချုပ်ရေးနှင့် ပတ်သက်၍ မိမိကိုယ်ကို ထိန်း သိမ်းသကဲ့သို့ လက်အောက် ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ လက်အောက်၏ လိုအပ်ချက်ကို မိမိဖြေရှင်း၍ ရသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းပေးနိုင်ရေး စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
ထိုသို့ လုပ်ဆောင်ပြီး စစ်စည်းကမ်းကောင်းမွန်၍ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကောင်းမွန်ခိုင်မြဲလာမည် ဖြစ်ကြောင်း ပြောဆိုသွားသည်။
စစ်ခေါင်းဆောင်က နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ် ကြောင်း၊ ထိုလမ်းကြောင်းသည် ပြည်သူက ရွေးချယ်ထားခြင်း ဖြစ်သည့်အတွက် တိုင်းပြည်နှင့် ပြည်သူ ကာ ကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်အနေ ဖြင့် မျက်ကွယ်ပြု၍ မရဘဲ ခိုင်ခိုင်မာမာဖြစ်တည်ရေး ထိန်းသိမ်း ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊
တပ်မတော်အနေဖြင့် ပြည်သူတရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး အတွက် ဖော်ဆောင်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရွေး ကောက်ပွဲ ဥပဒေအချို့ကို ပြင်ဆင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး လုပ်ဆောင်ပေးခဲ့ကြောင်း ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်ကြီးမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တောင်ကြီး၊ အေးသာယာ၊ ကလော စသည့်အနီးတဝိုက်မြို့များတွင် လှည့်လည်ကာ ဆွေးနွေးဟောပြောမှုများပြုလုပ်သည်။
ထိုသို့ ပြုလုပ်ရာတွင် ၎င်းအစဉ်အစိုက်ပြောဆိုလေ့ရှိသည့် လျှပ်စစ်ရထားနှင့် မြေအောက်ရထားဖောက်လုပ်ရန် အကြောင်းကိုမူ ထည့်သွင်းပြောဆိုသည်ကို မတွေ့ရတော့ပေ။