News

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အာဏာသိမ်းစစ်အုပ်စုကို စိတ်ပျက်မိကြောင်း…..

ရိုက်တာ၊ အောက်တိုဘာ ၅ စစ်အုပ်ချုပ်ရေးဖြင့်စခန်းဆက်နေသော မြန်မာသည် ၎င်းနှင့်အာဆီယံအကြား သဘောတူရယူထားသည့်ငြိမ်းချမ်းရေးလမ်းစဉ်ဖေါ်ဆောင်မည့် ကတိကဝတ်များကို လိုက်နာဆောင်ရွက်မှုနှင့်ပတ်သက်ပြီး စိတ်ပျက်မိကြောင်း အရှေ့တောင်အာရှနိုင်ငံများက တနင်္လာနေ့အောက်တိုဘာ ၄ တွင် ဆိုခဲ့သည်

ရှေ့လထဲတွင်ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် တက်ရောက်လာနိုင်မည့်အရေးနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်မိ‌ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ဆိုသည်

မြန်မာတွင် ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီအရေးကြိုးပမ်းခဲ့မှုနှင့် စီးပွားရေးပြန်လည်တည်ဆောက်မှုကို လမ်းချော်စေခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနှင့် ယင်းအာဏာသိမ်းမှုကို သပိတ်မှောက်ဆန္ဒပြမှုများ၊ ဒီမိုကရေစီအရေးထောက်ခံဆန္ဒဖေါ်ထုတ်မှုများအား အကြမ်းဖက်ဖြိုခွင်းနှိမ်းနင်းခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သည့်မြန်မာစစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုပ်ချခဲ့ပြီးဖြစ်သည်

မြန်မာ့အရေးကိုဖြေရှင်းရာတွင် မြန်မာဆိုင်ရာအာဆီယံ၏အထူးကိုယ်စားလှယ်မှတဆင့် သံတမန်ရေးအရ အားထုတ်ကြိုးပမ်းမှုကို အမေရိကန်၊ တရုတ် နှင့် ဗြိတိန် ကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများက ထောက်ခံအားပေးခဲ့သည်

မြန်မာမှာ ဘာတိုးတက်မှုမှ ရှိမလာခဲ့ပါဘူး။ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေအပေါ်မှာလည်း မြန်မာစစ်တပ်က အပြုသဘောဆောင်တဲ့တုန့်ပြန်မှုတွေ မရှိခဲ့ဘူး ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်နို မာဆူဒီ Retno Marsudi က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးမှုအပြီးတွင် သတင်းထောက်များကို ဖြေကြားခဲ့သည်

အဖွဲ့ဝင်အများစုကတော့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေအပေါ် စိတ်ပျက်မိကြောင်း ပြောခဲ့ပါတယ်။ မြန်မာ့အရေးမှာ တိုးတက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါမှာ အခက်အခဲတွေရှိသော်လည်း ပုံမှန်အတိုင်းဆက်ပြီးဆောင်ရွက်နေတာမျိုးလုပ်နေလို့ မဖြစ်တော့ဘူးလို့ အာဆီယံနိုင်ငံတချို့က ၎င်းတို့ရဲ့သဘောထားကိုပြောပြခဲ့တယ် ဟု ၎င်းက ဆက်လက်ပြောခဲ့သည်

အာဆီယံအထူးကိုယ်စားလှယ်က မြန်မာ့အရေးမှာ ၎င်း၏ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်က်ပြီး ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီရန် ဘလာခရစ်နန် Vivian Balakrishnan က ဆိုခဲ့သည်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်ပေးရန် စကစ အာဏာသိမ်းစစ်အုပ်စု ကို တိုက်တွန်းခဲ့ကြောင်း ၎င်းက ဆက်ပြောခဲ့သည်

မြန်မာ့အရေးမှာ ရှေ့တိုးဆောင်ရွက်မှ ဖြစ်မှာပါ။ တိုးတက်မှုတွေရှိမလာဘူးဆိုရင် အာဆီယံထိပ်သီးညီလာခံမှာ စကစ ရဲ့ ဥက္ကဌ ရှိနေမှာကို လက်ခံနိုင်ဖို့ ခက်ခဲပါလိမ့်မယ် ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဒူလာ Saifuddin Abdullah က ဆိုသည်

နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံတွင် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပေးမည်၊ မပေးမည်နှင့်ပတ်သက်၍ စီမံထားမှုမှာ မရှင်းလင်းသေးပေ

အာဆီယံထိပ်သီးညီလာခံသည် အာဆီယံတွင် အလွန်အရေးပါအရာရောက်ပြီး အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုကိုတည်ထောင်ရန် အလေးထားသည့် အစဉ်အလာတစ်ခုလည်း ဖြစ်ပေသည်

မြန်မာ၏ကာလရှည်စွာသော စစ်အာဏာရှင်စနစ် နှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများသည် အာဆီယံ၏ ခဲရာခဲဆစ်အဖြစ်ဆုံး ပြဿနာဖြစ်ပြီး အာဆီယံ၏ စည်းရုံးမှု နှင့် ၎င်း၏ဝင်မစွက်ဖက်ရေးမူဝါဒအပေါ် စမ်းသပ်စိန်ခေါ်မှုလည်းဖြစ်သည်

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းကမှု ရိုက်တာ၏ဆက်သွယ်မေးမြန်းမှုအပေါ် တုန့်ပြန်ဖြေကြားခြင်းမရှိခဲ့ပေ။ ကျွန်တော်တို့ကတော့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိခိုက်ခြင်းမရှိဘဲ အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ယခင်အပတ်က သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက ဆိုခဲ့သည် Ref: Burma Associated Press