News

နယ်မြေတွေပိုင်စိုး ထိန်းချုပ်နိုင်ဖို့ အထိ ရည်မှန်းလာတဲ့ PDF

စစ်ကောင်စီ သည် နိုင်ငံတကာ တွင် ခေါင်းမဖေါ်ရဲအောင် ဖြစ်လာနေသည်နှင့် အမျှ ပြည်တွင်း တွင်လည်း ပြည်သူတို့၏ လက်နက်ကိုင် တွန်းလှန်တိုက်ခိုက်မှုများကြောင့် အကျအဆုံးများ တနေ့တခြား မြင့်တက်လာနေပြီ ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

 

စစ်အာဏာသိမ်းမှုကို လက်သင့်မခံတဲ့ လက်နက်ကိုင် ခုခံကာကွယ်ရေး လမ်းကြောင်းဟာ မြန်မာ့နိုင်ငံရေးရဲ့ ပင်မရေစီး အဖြစ် ရောက်ရှိလာခဲ့တဲ့နောက် အာဏာသိမ်းစစ်တပ်ဟာ မကြုံစဖူး စစ်ရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရေးသုတေသီတွေ တညီတညွတ်တည်း ပြောဆိုနေချိန် ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ ၏ တိုက်ပွဲခေါ်သံ ခရာမှုတ်ခဲ့ပြီး နောက် တနိုင်ငံလုံး တွင် PDF တပ်ဖွဲ့ပေါင်း ၃၄၀ ရှိလာနေပြီး ထိတွေ့ တိုက်ပွဲပေါင်း ၁၃၂ ကြိမ် ဖြစ်ပွားခဲ့ရာ ဩဂုတ်လထက် နှစ်ဆ မြင့်တက်လာခဲ့သည်ဟု သိရသည်။ စစ်ကောင်စီဖက်မှ တပ်သား ၁,၅၆၀ ကို ယမမင်းထံ မှတ်ပုံတင်ပေးခဲ့ပြီး ၅၅၂ ဦး ဒဏ်ရာရ ရှိ သွားခဲ့သည်ဟု NUG မှ ကြာသပတေးနေ့တွင် ထုတ်ပြန်သော စာရင်းအရ သိရသည်။

သို့သော် အကြမ်းဖက် စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းကမူ “သူတို့ ပြောသလောက်သာ သေမယ် ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်မယ့်လူ ကျန်မှာတောင် မဟုတ်” ဟု ငြင်းဆိုသွားခဲ့သည်။
ဇော်မင်းထွန်း

နောက်ထပ် စစ်ကောင်စီ အပေါ် စီးပွားရေး ထိုးနှက်ချက် အဖြစ် တာဝါတိုင်များအား ဖေါက်ခွဲဖျက်ဆီးနိုင်ခဲ့ပြီး၊ ပြီးခဲ့သည့် ရက် ၃၀ အတွင်း စစ်တပ်ပိုင် မိုင်တဲ တာဝါတိုင်ပေါင်း ၁၂၀ ခန့် မြေပြင်သို့ ဗုန်းဗုန်းလဲကျသွား ခဲ့ပြီဖြစ်ရာ စစ်တပ်အတွက် ဒေါ်လာ ၁၀.၃ သန်း ဆုံးရှုံးသွားခဲ့ရကြောင်း မိုင်တဲလ် တာဝန်ရှိသူများက ထုတ်ပြန် ကြေညာလာသည်။ ၎င်းတို့၏ ခန့်မှန်းချက်အရ တာဝါတိုင် တတိုင်လျှင် မြန်မာ ကျပ်ငွေ သန်း ၁၅၀ မှ ၂၅၀ အကြား ရှိသည်ဟု ဆိုသည်။

အကြမ်းဖက် အဖွဲ့က မြေမြှုပ်မိုင်း များ ချထားပြီး အကာအကွယ် ပေးလာသော်လည်း တာဝါတိုင် ပြင်ဆင်ရန် ရောက်လာသည့် ဝန်ထမ်းများကိုသာ ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

စစ်တပ်အနေနှင့် အနီးအနား ရှိ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်တုန့်ပြန်လာပြန်သဖြင့် PDF အတွက် အင်အားများ စုဆောင်းပေးသလို ဖြစ်လာနေပြန်သည်။

လက်နက်အသာ ဖြင့် ထိတ်တိုက် ရင်ဆိုင် တိုက်ပွဲများတွင်သာ အတွေ့အကြုံ ရှိသော အကြမ်းဖက် စစ်တပ်အဖို့ နယ်မြေ ကျွမ်းကျင်ပြီး လူထု၏ ထောက်ခံမှု အပြည့်အဝ ရထားသော ပြည်သူတို့၏ ပြောက်ကျားစစ်ကို မည်သို့ မျှ ခံနိုင်ရည် မရှိ ဖြစ်လာနေသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

PDF များသည် ပြောက်ကျားနည်းဗျူဟာ ဖြင့် စစ်ကောင်စီ တပ်များ၏ စိတ်ဓါတ်များကျဆင်းကာ ပျက်သုဥ်းရေး ဆီသို့ ဦးတည်မည့် အမှည့်ချွေ စစ်ပွဲ War of Attrition ကို ဦးစားပေး ဆင်နွှဲသွားမည် ဟု ပိုင်းဖြတ်ထားပုံ ရှိသည်။

တပ်အင်အားများကို နယ်စပ်ဒေသများမှ ထုတ်နှုတ်သုံးစွဲနေရသော်လည်း ထိုအနေအထားကို ထိထိရောက် ရောက် အသုံးချနိုင်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထွက်ပေါ်မလာသေးပေ။

အုပ်ချုပ်ရေးယန္တရားကိုတည်ဆောက်ရာမှာ ပြည်ထဲရေးက အခရာ။

သူ့ သဘာဝ၊ သူ့လုပ်ဟန်က အဆင့်ဆင့် တည်ဆောက်ထားရတာ။ သူ့ယန္တရားရဲ့ အောက်ဆုံးမှာရှိနေရမှာက၊ ပြည်သူတွေထဲကနေပြီး ပြည်သူတွေနဲ့ အနီးဆုံးထိကပ်အုပ်ချုပ်ရမယ့်အဆင့်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ။ ကိုကိုအုပ်ကြီး မယ်မယ်အုပ်ကြီးတို့ပဲ။

သူတို့ကို အုတ်မြစ်ထားပြီးတော့မှ၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းကနေ ဗဟိုထိ အဆင့်ဆင့်စီမံရတာ။ ဒီကွင်းဆက်က ပြတ်လို့ မရဘူး။ ပြတ်ရင် ဘာမှ လုပ်လို့မရတော့ဘူး။ ပြည်သူနဲ့ (တိုင်းပြည်အုပ်ချုပ်မင်းလုပ်လိုသူ) အစိုးရကြားမှာ ကွင်းဆက်ပြတ်သွားပြီ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

အဲ့ဒီအထာကို သိလို့ ကွင်းဆက်ဖြတ်ဖို့ ကြိုးစားတာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ဖူးတယ်။ ကျယ်ကျယ်ပြန့်ပြန့်တော့မဟုတ်ဘူး။ ဟိုနား နည်းနည်း၊ ဒီဒေသ ပါးပါးပဲ။

အဲ့ဒါကို အရှိန်အဟုန်နဲ့ လုပ်လိုက်နိုင်တာ၊ လုပ်ပြနိုင်ခဲ့တာ ရခိုင်ပဲ။ AA ပဲ။ အုပ်ကြီးတွေကို ပါးစပ်နဲ့သတိပေးတယ်။ နှုတ်ထွက်ကြဖို့။

မရဘူး။ အုပ်စိုးသူရဲ့ ပေးစာကမ်းစာနဲ့ အာဏာအကျ အကျန်လေးတွေပေါ် သာယာပြီး ဆက်လုပ်တယ်။ နောက်ဆုံးအဆင့် ကျည်ဆံနဲ့ စာပို့ သတိပေးတယ်။ ရလား။ ရရင် (ထွက်ရင်) အိုကေ။ မရရင်တော့ ဒိုင်းဒိုင်း ဇွပ်ဇွပ်တွေလုပ်ပြတယ်။

ဒီ့အတွက် သေနတ်ကိုင်ထားတဲ့ အုပ်စိုးသူကလည်း သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို လုံခြုံအောင် မစောင့်ရှောက်နိုင်ဘူး။ သူတို့ကိုယ်တိုင် ကိုယ့်အသက် ကိုယ်တောင် လုံခြုံအောင် မနည်းတင်းထားရတဲ့ အခြေအနေကြီးကိုး။

အဲ့ဒီမှာ အုပ်ကြီးတွေ လုံခြုံမှု မဲ့လာတယ်။ မနက်ဖြန်နေထွက်တာ မြင်ချင်သေးတဲ့၊ အသက်ကို ဖက်နဲ့ ထုပ်မထားချင်တော့တဲ့၊ မိသားစုနဲ့နေချင်သေးတဲ့ အုပ်ကြီးတွေ အစုလိုက်အပြုံလိုက် နှုတ်ထွက်ဖို့ စာတင်ကြတယ်။

ပြည်ထဲရေး အတော်တိုင်ပတ်သွားတယ်။ မထွက်နဲ့ မလုပ်နဲ့လို့ တားတယ်။ တားနေရင်းနဲ့ လူတွေကုန်သွားတယ်။
ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)

မကွေးတိုင်းရေစကြိုမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေကြပြီး စစ် ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်မူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်သွား၍ အခြေခံအုပ်ချုပ်ရေး ယန္တရားရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။ လို့ ဖေါ်ပြထားတယ်။

ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးဘက်မှာလည်း သက်ဆိုင်ရာ PDF တွေရဲ့ သတိပေးစာထွက်လာပြီးနောက် နှုတ်ထွက်စာတင်လာတာတွေတွေ့နေရတယ်။

ဒါ့အပြင် ထီးချိုင့်မြို့နယ်အတွင်း အောက်တိုဘာ ၉ရက်မှ ၁၅ရက်အတွင်း မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် ထီးချိုင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF) မှ အောက်ပါအတိုင်း သတိပေးထားသည်။

“ထီးချိုင့်မြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိနေချိန်တွင် အကြမ်းဖက် စခများသည် ကုန်တင်ကားများ ခရီးသည်တင်ကားများဖြင့် သွားလာလုပ်ရှားလျက်ရှိပါသည်။ ကျနော်တို့ HPDF အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်တော့မည်ဖြစ်ပါသဖြင့် ယနေ့ (9.10.2021)မှ (15.10.2021)အထိ ထီးချိုင့်မြို့နယ်အတွင်း ကုန်တင်ယာဉ်များနှင့် ခရီးသည်ယာဉ်များ လုံးဝ(လုံးဝ)သွားလာခြင်းမပြုကြရန် အသိပေးကြေညာအပ်ပါသည်။ လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာသော အကျိုးဆက်များကို HPDF အနေဖြင့် လုံးဝ(လုံးဝ)တာဝန်ယူမည် မဟုတ်ပါ။”
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

မင်းအောင်လှိုင်သည် သူအုပ်ချုပ်နေသော ကာလ အတွင်း ရေလွှမ်းမိုး မှု မဖြစ်ခဲ့ဟု ဆိုကာ မင်းကောင်းမင်းမြတ် သဖွယ် အထင်ရောက်ရန် လှည့်ဖျားနေသော်လည်း နိုင်ငံ အတွင်း ဒေါ်လာ လဲလှယ်နှုန်း နှစ်ဆ တိုးလာမှု နှင့်အတူ အခြေခံ စားကုန်ဈေးနှုန်းများက တရိပ်ရိပ် မြင့်တက်လာနေသည် ကိုတော့ မည်ကဲ့သို့လှည့်စားမည် ဆိုသည်အား အကြံ ထုတ် နေတုန်းဟု ယူဆ၍ ရပေသည်။

ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သယ်ယူ ပို့ဆောင်စရိတ်များ တက်လာခြင်းသည် မည်သို့မျှ ငြင်းမရသော အချက် ဖြစ်နေပြီး ယခုအခါ စားသုံးဆီ ဈေးနှုန်းသည် ယခင်က ထက် ၅၀% မြင့်တက်လာရကာ သာမန် အိမ်ထောင်စု များ အတွက် လက်လှမ်းမမှီနိုင်သည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်သည်။

ဒေါ်လာ လဲလှယ်နှုန်း ၁,၁၅၀ ကျပ် ရှိခဲ့ချိန်တွင် စားသုံးဆီ ဈေးနှုန်းသည် တပိဿာ (၁.၆ ကီလိုဂရမ်) အား ၂,၀၀၀ ကျပ်နှင့် ရောင်းချနိုင်ခဲ့သော်လည်း ယခုအခါ တွင် သမိုင်းတလျှောက် တခါဖူးမျှ မဖြစ်ခဲ့သည့် တပိဿာ ၆,၀၀၀ ကျပ်အထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆီ လက်လီ လက္ကားကုန်သည်ကြီး တဦးက ဗီအိုအေ ကို ပြောပြခဲ့သည်။
အာဏာသိမ်း ခေါင်းဆောင်

ထို့အတွက် အိမ်ထောင်စု ဝင်ငွေ ပျမ်းမျှ ကျပ် လေးသိန်း ခန့် ရ ရှိသော မိသားစုများ အဖို့ လွန်စွာ ကြပ်တည်း သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဗီအိုအေ ကို ရင်ဖွင့်ပြောဆိုလာခဲ့ကြသည်။

ထိုအခြေအနေသည် မြို့ပြ လူတန်းစားများသာမက လူဦးရေ ၇၀% နေထိုင်ရာ တောနေ တောင်သူ များပါ ထိခိုက် လာရပြန်သည်။ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ခြင်းကြောင့် ပုလဲ ဓါတ်မြေဩဇာ ဈေးသည် တအိတ်လျှင် ၆၅,၀၀၀ ကျပ် မှ ၇၉,၀၀၀ ကျပ်အထိ တပတ် အတွင်း မြင့်တက်သွားခဲ့သည်။ ထိုမျှသာ မကသေး လယ်ယာသုံး စက်ပစ္စည်းများ ငှားရမ်းခသည်လည်း နှစ်ဆ မြင့်တက်သွားခဲ့သည်။

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း က မူ လက်ရှိ အနေအထား ကို ဖြေရှင်းနိုင်ရန် အကောင်းဆုံး ကြိုးပမ်း သွားမည်ဟု ဆိုသော်လည်း ၎င်းတို့ အဖို့ ယတြာချေ၍ ရလောက်သည့် ကိစ္စ မဟုတ်မှန်း သိ၍ မည်သူကမျှလည်း အားတက်သရော ပြောဆိုကြခြင်း မရှိတော့ဘဲ ကုန်း၍ ရုန်း၍သာ ၎င်းတို့ ပြုတ်ကျ မသွား မချင်း တောင့်ခံသွား ကြမည်ဟု သံဓိဋ္ဌာန် ချထား ကြ ပုံ ရှိသည်။

ယခင်ကလည်း လူလေးသိန်းခန့် အနေအစား ချောင်ရေး၊ တိုင်းပြည်ဘဏ္ဍာ ကို ထင်သလို နှိုက်ယူခွင့် ရရေး တို့ အတွက် စိတ်ကြိုက် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ နှင့်ပင် ပြည်သူတို့ ရွေးချယ် တင်မြှောက်ခဲ့ကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတော် အတိုင်ပင်ခံ ၏ လမ်းညွှန်မှု အောက်တွင် တိုင်းပြည်ကို တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သည်ကို မျက်ဝါးထင်ထင် သိရှိလာခဲ့ကြ၍လည်း ယခုအခါ ၎င်းတို့ လုံးဝ ဝင်ရှုပ်၍ မရတော့မည့် ခေတ်ကြီးသို့ ရောက်လာတော့မည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြခြင်းပင် ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

အောက်တွင် ပြည်သူတဦး၏ မချိတင်ကဲ ရေးထားခဲ့သည်ကို ပြန်လည် မျှဝေပါသည်။

ဒီအချိန်ဆို ညောင်နှစ်ပင်စက်မှုဇုံ စပြီ

လျှပ်စစ်မီး တစ်နိုင်ငံလုံး 60% လွှမ်းခြုံပြီ

YBS ကတ် စနစ်စပြီ

တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် pilot projectစပြီ

တီးတိန် မှာ လေယာဉ်ဆင်းပြီ

ဘုရားကြီး သထုံအဆင့်မြင့် အဝေးပြေးလမ်းမကြီးစပြီ

နေပြည်တော်မှာ Japan, Malaysia, Thai နိုင်ငံတွေကဖွင့်မည့်တက္ကသိုလ်စီမံကိန်းတွေစပြီ

Covit19 အိန္ဒိယ ဆေးထိုးပြီးပြီ

ဒဂုံမြို့သစ်မှာ ထိုင်း project စပြီ

ဒဂုံမြို့သစ်မှာ ကုတင်၁၀၀၀ ဆေးရုံစပြီ

ရန်ကုန်မြို့သစ် စီမံကိန်းစပြီ

လှည်းကူးမှာ Japan စီမံကိန်းစပြီ

နေပြည်တော်မှာ ပညာမြို့တော်တည်ပြီ

ရန်ကုန်မှာ MRT လိုင်းတွေစပြီ

ဝန်ထမ်းတွေ ကားဝယ်ခွင့် ရပြီ

ပြည်တွင်းထုတ် တိုယိုတာကား စီးရပြီ

ရန်ကုန်-မန္တလေး ရထားလမ်းလည်း အတော် ပြီးလောက်ပြီ

ပဲခူး international လေဆိပ်စပြီ

ငွေဆောင်-ဂွ-ကမ်းရိုးတန်း ပတ်လမ်းစပြီ

ရန်ကုန်နေပြည်တော်ဝန်ထမ်းအိမ်ယာစီမံကိန်း

အငှား အိမ်ယာစီမံကိန်းများ

သီလဝါ second phase စပြီ

တနိုင်ငံလုံးအစိုးရတင်ဒါလုပ်ငန်းများ ပဲခူးတိုင်းတခုထဲ ၂၀၀ကျော် ချပေးပြီး ထိုသို့သော အစိုးရမျိုး အား ပြည်သူတို့ သောင်ပြိုကမ်းပြို မဲပေးခဲ့ကြသည်ကို မဲခိုးသည်ဟု စွပ်စွဲ လာကြပြီး လေးသိန်းခန့်သာ ရှိမည့် ၎င်းတို့ အဖွဲ့အစည်း ကောင်းစားရေး အတွက် တိုင်းပြည်ကို ဖျက်ဆီး ပြစ်ခဲ့ ကြ လေပြီ။
Asia Times

ဓါတ်ပုံသည် Burma Campaign (UK) မှ လန်ဒန် ရှိ လက်စတာ မြေအောက် ဘူတာရုံကြီးတွင် ၂၀၀၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ချိတ်ဆွဲထားခြင်း ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်လာသည့် အတိုင် သူမအား စစ်တပ်မှ ထိတ်လန့်ကြောက်ရွံ့နေဆဲပင် ဖြစ်သည်၊

Photo Credit – Asia Times

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai
(စာပါ အချက်အလက်များကို RFA နှင့် VOA မှ ကိုးကားသည်)