News

အပေါင်းလက္ခဏာတွေ တစ်ခုပြီးတစ်ခု ဆောင်လာခဲ့ပြီဖြစ်တဲ့ သံတမန်ရေး


မြန်မာနိုင်ငံအတွင်းက မတည်ငြိမ်တဲ့ အရပ်ဒေသတွေမှာ ၊ မြန်မာစစ်တပ်က အင်အားတိုးချဲ့ပြီး လက်နက်ကြီးတွေ ပြင်ဆင်နေတာဟာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရာဇဝတ်မှု့တစ်ခုကို ကျူးလွန်တော့မှာပါ လို့ လူ့အခွင့်အရေးကောင်စီရုံးက ကြေငြာလိုက်ပါတယ် ။

ဒီနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ပြုလုပ်တဲ့ ဂျီနီဗာအစည်းအဝေးအပြီးမှာ ထုတ်ပြန်လိုက်တာပါ ။ အင်တာနက်တွေလည်း ပိတ်ထားတယ်လို့ ဆိုပါတယ် ။
ချင်းလူ့အခွင့်အရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူ RAVINA SHAMDASANI က ၊ သူကိုယ်တိုင် လေ့လာတွေ့ရှိခဲ့ပုံတွေကို ဂျီနီဗာအစည်းအဝေးမှာ တင်ပြခဲ့တာပါ ။ အရပ်သားတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ မှတ်တမ်းတင်ထားပုံတွေနဲ့ တင်ပြခဲ့ပါတယ် ။

” ခုခံကာကွယ်နေတဲ့ ပြည်သူတွေကို နှိမ်နင်းဖို့ မတန်တဆ ပြင်ဆင်နေတဲ့ လက်နက်ကြီးတွေ ငါ တွေ့ခဲ့တယ် ။ ဟောဒီမှာပါ ” ဆိုပြီး အထောက်အထားတွေကို ချပြခဲ့တာပါ ။

ဒီတင်ပြမှု့အပြီးမှာ ကုလမဟာမင်းကြီးက ” ဒါဟာ အရပ်သား ပြည်သူလူထုကို ကြောက်စရာကောင်းလောက်အောင် နှိမ်နင်းတော့မယ့် အခြေအနေပါ ။ သိပ်ကို စိုးရိမ်စရာကောင်းနေပါပြီ ။ ငါတို့ ဘာလုပ်ကြမလဲ ” လို့ မေးခွန်းထုတ်လိုက်ပါတယ် ။

မနေ့ကတော့ အီးယူသမဂ္ဂက NUG အစိုးရကို အသိအမှတ်ပြုပြီး ၊ မြန်မာပြည်သူတွေကို အစွမ်းကုန်ကူညီဖို့ သဘောတူလိုက်ပါတယ် ။

နောက်သတင်းတစ်ခုကတော့ ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကြိုးစားပမ်းစား ပြန်တင်ပေးနေတဲ့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက အားပေးလိုက်ပါတယ် ။

စာရေးသူက ပြည်ပမှာ နေထိုင်နေတဲ့အတွက် ပြည်တွင်းသတင်းထက် ၊ ပြည်ပသတင်းတွေကို ပိုမိုလေ့လာမိပါတယ် ။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်နည်းလမ်းနဲ့ သံတမန်နည်းဆိုပြီး နှစ်နည်းပေါင်း တိုက်ပွဲဝင်နေရတာပါ ။

လက်နက်ကိုင်နည်းလမ်းကတော့ လျှို့ဝှက်ရပါတယ် ။ သိတိုင်းလည်း မပြောရပါဘူး ။ နွေဦးတော်လှန်ရေးအတွက် လက်နက်ကူညီမယ့် နိုင်ငံတွေကလည်း ထုတ်ပြောမှာ မဟုတ်ပါဘူး ။ ပြည်တွင်း လက်နက်ကိုင်တော်လှန်ရေးသမားတွေနဲ့ အဆက်အသွယ်မရှိတဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးအတွက် သတင်းတွေ ဂဃဏန မသိပါဘူး ။

ဆိုတော့ …၊ စာရေးသူအတွက် အလွယ်တကူ လေ့လာနိုင်တဲ့ နိုင်ငံတကာသတင်းတွေထဲက သံတမန်နည်းလမ်းကိုသာ အသိပေးဖြစ်ပါတယ် ။ သံတမန်နည်းလမ်းအရဆိုရင် နွေဦးတော်လှန်ရေးအတွက် အဓိကကျတဲ့ အဖွဲ့အစည်းတွေကို သိထားဖို့လိုပါတယ် ။ကုလသမဂ္ဂ ၊ ဥရောပသမဂ္ဂ ၊ အာဆီယံနိုင်ငံများအဖွဲ့ ၊ ကွာဒ့်အဖွဲ့ နဲ့ တသီးပုဂ္ဂလဖြစ်တဲ့ ရုရှား ၊ တရုတ်အဖွဲ့တွေဟာ အရေးကြီးပါတယ် ။

ဒီအဖွဲ့တွေထဲမှာ ကုလသမဂ္ဂဟာ ဌာနခွဲတွေများတဲ့ အင်အားအကြီးဆုံးနဲ့ ကမ္ဘာကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပါ ။ လူ့အခွင့်အရေးကောင်စီ ၊ လုံခြုံရေးကောင်စီ ၊ စားနပ်ရိက္ခာအဖွဲ့ ၊ R2P ဆိုသလို နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့ ဌာနအသီးသီးဟာ ကုလလက်အောက်မှာ ရှိနေပါတယ် ။ ကုလက အခုအချိန်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ပေးဖို့ ဆုံးဖြတ်ထားပါတယ် ။

ကုလအထွေထွေအတွင်းရေးမှုးက မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ နိုင်ငံတကာကို လှုံ့ဆော်ထားပါတယ် ။ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးနဲ့ ဌာနအတော်များများက မြန်မာပြည်သူတွေဘက်မှာ ရှိနေပါတယ် ။

ဒုတိယအရေးကြီးတဲ့ ဥရောပသမဂ္ဂအဖွဲ့ကတော့ NUG ကို အသိအမှတ်ပြုလိုက်ပါပြီ ။ ကွာဒ့်အဖွဲ့ဝင် အမေရိကန် ၊ ဂျပန် ၊ သြစတေးလျဟာ ဒီတော်လှန်ရေးမှာ ဘာမှပြောစရာမလိုအောင် ယုံကြည်ရသူတွေပါ ။ အိန္ဒိယကတော့ နယ်မြေချင်းထိနေတဲ့အတွက် ပြည်တွင်းစစ်ကို အားမပေးပဲ ကြားနေပါတယ် ။

ဒီတော့ မြန်မာပြည်သူတွေ ဂရုပြုရတော့မယ့် အဖွဲ့ဟာ အာဆီယံသာ ကျန်ပါတော့တယ် ။ အာဆီယံနဲ့ပတ်သက်ပြီး သတင်းတစ်ခုခုတင်လိုက်တိုင်း စာဖတ်သူအချို့ရဲ့ တုံ့ပြန်ပုံက သိပ်ပြီး သဘောကျပုံမရပါဘူး ။

လွန်ခဲ့တဲ့ နှစ်လလောက်က ” အာဆီယံပေ့ခ်ျမှာ သွားဆဲကြ ” ဆိုတဲ့ ပိုစ့်တစ်ခု တွေ့မိပါတယ် ။ ဘယ်သူက စလိုက်မှန်းမသိပါဘူး ။ အာဆီယံပေ့ခ်ျမဟုတ်ပဲ အင်ဒိုနီးရှား လွတ်လပ်ရေးနေ့ ပိုစ့်အောက်မှာ သွားဆဲကြပါတယ် ။

စာရေးသူက ဒီတော်လှန်ရေးမှာ သတင်းတွေအသိပေးပြီး ၊ သုံးသပ်ပေးပါတယ် ။ တော်လှန်ရေးပြည်သူတွေကို ဒါမလုပ်နဲ့ ဒါလုပ်ပါလို့ အမိန့်ပေးနိုင်သူမဟုတ်ပါဘူး ။

အကြံပေးလို့ရရင်တော့ ဘယ်ပိုစ့်မှာပဲဖြစ်ဖြစ် မဆဲကြပါနဲ့လို့ အကြံပေးချင်ပါတယ် ။ မနေ့က ဖေ့စ်ဘုတ်ကို အမေရိကန်နဲ့ ပြင်သစ် လွှတ်တော်တွေက မြန်မာနဲ့ အာဖဂန် ဖေ့စ်ဘုတ်အသုံးပြုသူတွေကို အမုန်းတရားတွေ ၊ ဆဲဆိုတာတွေ ထိန်းပေးဖို့ သတိပေးထားပါတယ် ။

အမေရိကန်အထက်လွှတ်တော်ကတော့ ရိုဟင်ဂျာပြဥနာမှာ အမုန်းတရားတွေ ပျံ့ပွားအောင် ဖေ့စ်ဘုတ်ကနေ စခဲ့တယ်လို့ စွပ်စွဲထားပါတယ် ။

ဆိုရရင် ….၊ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့ အဖွဲ့တွေထဲက နောက်ဆုံးကျန်နေတဲ့ အာဆီယံဟာ ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် ညီလာခံအတွက် စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုပြီး မဖိတ်တော့ပါဘူး ။

NUG အစိုးရကို ဖိတ်ခေါ်ဖို့အတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုထားပြီး ၊ အခြားနိုင်ငံတွေကို စည်းရုံးနေပါတယ် ။

ဒီတော့ …၊ စာရေးသူနဲ့ အလှမ်းဝေးနေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို သေသေချာချာ မသိပေမယ့် ၊ စာရေးသူ လေ့လာ ၊ အသိပေးနေတဲ့ သံတမန်အရေးကတော့ အပေါင်းလက္ခဏာတွေ တစ်ခုပြီးတစ်ခု ဆောင်လာခဲ့ပါပြီ ။

ဘကြီးအောင် LA