ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်အနေဖြင့် နိုင်ငံတော်သမ္မတရာထူးက ကျန်းမာရေးအကြောင်းပြကာ နုတ်ထွက်ရန် ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့်က ယနေ့တရား ခွင်တွင် ထွက်ဆိုခဲ့သည်
ရှေ့နေ ဦးခင်မောင်ဇော် က “သမ္မတက သူ့ကို တပ်မတော်အရာရှိကြီး နှစ်ယောက် ဗိုလ်ချုပ်ကြီးလား၊ ဒုဗိုလ်ချုပ်ကြီးလား နှစ်ယောက် သူ့ဆီကို လာတာ၊ နိုင်ငံတော်သမ္မတ အဖြစ်ကနေ ထွက်ဖို့တိုက်တွန်းတယ်၊ ကျန်းမာရေးအကြောင်းပြပြီးတော့ပေါ့၊ အဲဒီတော့ သူကျန်းမာရေး ကောင်းတယ်၊ သူမထွက်နိုင်ဘူးလို့ပြောတယ်၊ အဲဒီအခါကျတော့ အန္တရာယ်ရှိတယ်၊ စဉ်းစားပါဦးလို့ပြောတယ်တဲ့၊ သူကလည်း တလျှောက်လုံးတော့ အန္တရာယ်ဆိုတာ ကြုံနေတာပဲ၊ သေဘေးလည်းကြုံးဘူးတာပဲ” ဟု ထွက်ဆိုခဲ့ကြောင်း ပြောသည်
လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရားဝင်နုတ်ထွက်ခြင်းမရှိသေးသော်လည်း စစ်တပ်က အာဏာသိမ်းကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည်
စစ်တပ်အရာရှိများအနေဖြင့် နိုင်ငံတော်သမ္မတအား ယခုကဲ့သို့ လာရောက်ဖိအားပေး ခြိမ်းခြောက်ပြီးနောက် ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး မည်သူမှတွေ့ဆုံခွင့်မရခဲ့သည့်အပြင် ဆက်စပ်မှုလည်းမရှိခဲ့ကြောင်း သမ္မတဦးဝင်းမြင့်က ပြောခဲ့သည်ဟုသိရသည်
ရှေ့နေတဦးက “ဖမ်းပြီးထဲက ဘယ်သူနဲ့မှလည်းမတွေ့ရဘူး၊ ဘယ်သူနဲ့မှလည်း အဆက်စပ်မရှိဘူး၊ အဲဒီအတွက် သူ့ကိုဖမ်းပြီးတဲ့နောက် ၁၀ ရက်ကျော်လောက်ကြာမှ ထုတ်တဲ့ ကြေညာချက်က သူနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောတာ၊ အဲ့ဒါကြောင့် သူအပြစ်မရှိဘူးလို့ပြောတာ”ဟု ပြောသည်
သမ္မတဦးဝင်းမြင့်နှင့်အတူ ယနေ့ရုံးထုတ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားခွင်အတွင်း အဖြစ်အပျက်များနှင့် စစ်ဆေးပေါ်ပေါက်ချက်များအား အများပြည်သူသိရှိစေရန် မျှဝေသင့်ကြောင်းလည်း ရှေ့နေများအား အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့သည် ၎င်းတို့အနေဖြင့် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံရကာ ပြင်ပနှင့်အဆက်အသွယ် ဖြတ်တောက်ခံထားရသော်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့နောက်ပိုင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟုဆိုကာ ထုတ်ပြန်သည့် ကြေညာချက်တွင် တာဝန်ရှိသည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံရကာ စွဲချက် တင်ခံထားရခြင်းဖြစ်သည်