Local News

မချယ်ရီသင်း တစ်ယောက် အသက် ၁၆ နှစ် အရွယ်တွင် အမျိုးသား ဖြစ်သူ ကိုအောင်မျိုးသန့်နှင့် တွေ့ဆုံ ချစ်ကျွမ်း ဝင်ခဲ့ကြသည်။

မောင်ခေါ်ရာ တော်လှန်ခရီးကြမ်း

ဝေယံမိုး

မချယ်ရီသင်း တစ်ယောက် အသက် ၁၆ နှစ် အရွယ်တွင် အမျိုးသား ဖြစ်သူ ကိုအောင်မျိုးသန့်နှင့် တွေ့ဆုံ ချစ်ကျွမ်း ဝင်ခဲ့ကြသည်။

နေပြည်တော် ပျဉ်းမနားမြို့တွင် ကုန်စုံ စတိုးဆိုင် ဖွင့်ပြီး အသက်မွေးဝမ်း ကြောင်းနေသည့် သူနှင့် စားသောက်ဆိုင် အကြော်ဆရာ (နောင်တွင် အိမ်ထောင်ဖက် ဖြစ်လာမည့်) ကိုအောင်မျိုးသန့်တို့ တွေ့ဆုံကြခြင်း ဖြစ်သည်။

ထိုစဉ်က မိဘများ သဘောမတူ၍ ရန်ကုန်မြို့ တစ်နေရာသို့ ခိုးပြေး ခဲ့ကြသည်။သူ၏ ဖခင်ဖြစ်သူက စစ်သားဟောင်း တစ်ဦး ဖြစ်သော်လည်း သူက စစ်သားများကို ကြောက်သည့်သူ တစ်ဦး ဖြစ်၍ စစ်သားများကို ဝေးဝေး ရှောင်ခဲ့သည်ဟု ဆိုသည်။

သို့သော် အမျိုးသား ဖြစ်သူမှာ နယ်လှည့် စစ်သားသစ် စုဆောင်းရေး အဖွဲ့များနှင့် တွေ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်ထဲ ပါသွားခဲ့သည့်အတွက် သူကြောက်သည့် စစ်သားများ ရှိရာ စစ်တန်းလျား လိုင်းခန်းသို့ သျှောင်နောက် ဆံထုံး ပါခဲ့ရသည်။

မချယ်ရီသင်းဟာ လက်ရှိ အသက် ၂၉ နှစ် ရှိပြီ ဖြစ်သည်။ အမျိုးသား ဖြစ်သူ ကိုအောင်မျိုးသန့်ကမူ စစ်ကောင်စီ လက်အောက် မောရဝတီ ရေတပ်စခန်း ဌာနချုပ် အမှတ် (၄၅) ရေတပ် စက်မှုလက်မှု တပ်မှ ဒုတပ်ကြပ် တစ်ဦး ဖြစ်လာခဲ့သည်။

အမျိုးသားဖြစ်သူ အောက်ခြေတပ်သား လစာ ၂၁,၀၀၀ ကျပ် ရသည့် ၂၀၀၉ ခုနှစ်မှ စကာ စစ်တန်းလျား လိုင်းခန်းများနှင့် တပ်တွင်း ဖိနှိပ်မှုများကို အမျိုးသားဖြစ်သူနှင့် အတူ မချယ်ရီသင်း တစ်ယောက် ခါးစည်း ခံရတော့သည်။

“သူတို့အိမ်တွေမှာ အဝတ်လျှော်ဖို့ ကြမ်းတိုက်ဖို့ လိုတယ်ဆိုရင် အိမ်ဖော် ခေါ်လို့ရတယ်။ သူတို့မှာ ပိုက်ဆံတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ မခေါ်ဘူး။ တပ်ထဲက ရဲမေတွေ (စစ်သားမိန်းမ) တပ်သားတွေကို ခေါ်ခိုင်းလို့ရတယ် ဆိုတာမျိုး လုပ်တာ။

နောက်ပြီး ကလေး သေးသေးလေးနဲ့ ဒီအငယ်မလေး ဗိုက်ခွဲမွေးပြီး ပြန်လာတုန်းပဲ ရှိသေးတယ် VIP လာလို့ ဆိုပြီး ဗိုက်ခွဲထားတဲ့ မီးနေသည်ကို တောင် မညှာမတာနဲ့ အခုထွက်၊ တံမြတ်စည်းလှဲရမယ် ၊ မလှဲနိုင်ရင် ငါတို့ လိုင်းခန်းမှာ မနေနဲ့ ဆိုပြီးတော့ ခုချက်ချင်းဆင်း ဆိုတာမျိုးတွေ ရှိတယ်ပေါ့နော်။

နောက်ပြီးတော့ အိမ်မှာ ဘာမှ မချက်ရ သေးရင်တောင် ကိုယ့်သားသမီးတွေ မကျွေးရသေးဘဲ သူတို့သား သမီးတွေ အတွက် အရင် လုပ်ပေးရတာမျိုးတွေ ရှိတယ်ပေါ့နော်” ဟု တပ်တွင်းလိုင်းခန်း အတွင်း အထက် အရာရှိနှင့် ဇနီးများ၏ ဖိနှိပ်မှု မျိုးစုံကို ခံခဲ့ရသည့် စစ်သားမယား တစ်ယောက်၏ အဖြစ်ကို မချယ်ရီသင်း ရင်ဖွင့်သည်။

လက်ရှိ မချယ်ရီသင်းနှင့် ကိုအောင်မျိုးသန့်တို့တွင် အသက်သုံးနှစ်အရွယ်၊ ငါးနှစ်အရွယ်၊ ရှစ်နှစ် အရွယ်နှင့် ၁၃ နှစ်အရွယ် သားသမီး လေးဦး ရှိပြီး ဆယ်စုနှစ် တစ်ခုကျော် ကာလကို တပ်တွင်း လိုင်းခန်း၌ ဖြတ်သန်း ခဲ့ရသည်။

ထိုသို့ ဖြတ်သန်းရင်း ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် စစ်တပ်၏ အာဏာသိမ်းမှုနှင့် ကြုံရ တော့သည်။”ရွေးကောက်ပွဲမှာ ကျွန်တော် မဲစာရင်း ကိုင်ရတယ်ပေါ့နော်။ ဘယ်ပါတီ နိုင်ဖို့ ဆိုတာကတော့ ကျွန်တော်တို့တော့ မသိဘူးပေါ့။ ဆိုလိုချင်တာက ဘာလဲဆိုရင် ကျွန်တော်တို့က စစ်သားတွေ ဖြစ်လို့ သူတို့ ခိုင်းရင် လုပ်ရမယ် ဆိုတဲ့ အမိန့်တာဝန် ပေးအပ်မှုကြောင့် ကျွန်တော်တို့ လုပ်ခဲ့တယ်။

ဒါပေမဲ့ နောက်ဆုံးရလဒ် အဖြေ ထွက်လာခဲ့တာတော့ NLD ကနေပြီး မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တယ်။ ဒါကို စစ်ကောင်စီက မဲမသမာမှု ဆိုပြီး ကောက်ချက် ချပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာ စသိမ်း ချပစ်လိုက်တယ်” ဟု အာဏာ မသိမ်းမီ ကာလနှင့် အာဏာသိမ်းသည့် အဖြစ်အား ၎င်း ကြုံတွေ့ရပုံကို ဒုတပ်ကြပ်ဖြစ်သူ ကိုအောင်မျိုးသန့်က ပြောပြသည်။

အာဏာထိန်းသည်ဟု အမည်ပေးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်တွင်း ဝါဒ ဖြန့်ထားခြင်းကြောင့် အပြင်လောက သတင်းများ ကြားသိခွင့် နည်းပါးသည့် တပ်အတွင်း၌ ထိုစကားကို ယုံကြည်ကြသည်။ တပ်သားနှင့် အရာရှိများနည်းတူ ကိုအောင်မျိုးသန့်လည်း ယုံကြည် မိခဲ့သည်။

ထို့နောက် မန္တလေးမြို့မှ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းတို့ ဆန္ဒပြမှုများမှ စတင်ကာ တစ်စတစ်စနှင့် နိုင်ငံအနှံ့ လူထု အုံကြွမှုနှင့် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပွဲများ အုန်းအုန်းကျွတ်ကျွတ် ဖြစ်လာ တော့သည်။

ထိုအချိန်တွင် ကိုအောင်မျိုးသန့် တစ်ယောက် တာဝန်နှင့် ရန်ကုန်မြို့သို့ ရောက်ရှိ လာခဲ့ပြီး မြို့လုံးကျွတ် နီးပါး အုံကြွနေသည့် လူထုသပိတ် မျိုးစုံကို ကြုံခဲ့ရသည်။ ထို့အတွက် လူထုအပေါ် စစ်တပ်က မတရား လုပ်နေသလား ဟု သူ့စိတ်တွင်း၌ စနိုးစနောင့် ဖြစ်စ ပြုလာသည်ဟု ဝန်ခံ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင်တော့ စစ်ကောင်စီတပ်က သတ်မှတ်ထားသည့် တပ်မတော်နေ့ အခမ်းအနားနှင့် သက်ဆိုင်သည့် တာဝန်ပေးချက် တစ်ခုနှင့် မြိတ်မြို့သို့ ကိုအောင်မျိုးသန့် သွားရောက်ရန် တာဝန် ကျလာသည်။

မြိတ်အရောက်တွင်မူ စစ်အာဏာသိမ်းမှု အတွင်း စစ်ကောင်စီ တပ်သားများက အရပ်သားများကို ပစ်ခတ် သတ်ဖြတ်သည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံခဲ့ရပြီး စစ်ကောင်စီတပ်အား စွန့်ခွာရန် အကြောင်း ဖန်လာတော့သည်။

” မတ် ၂၆ ရက်နေ့မှာ ကျွန်တော်တို့က နားတော့ အပြင်ကို ဈေးဝယ် ထွက်တယ်။ အဲ့ဒီအချိန် မြိတ် ကမ်းနားလမ်းမှာ ပြည်သူက ဆန္ဒပြနေတဲ့ အချိန် ဘာမပြော၊ ညာမပြောနဲ့ စစ်ကားရော ရဲကားရော ရောက်လာပြီး တားတယ်။ ပြီးတော့ ပြောမရလို့ ဆိုပြီး သူတို့ အဲ့ဒီမှာ သေနတ်နဲ့ အတွဲလိုက် ပစ်တယ်။ အဲ့ဒီမှာ အပြစ်မဲ့ ပြည်သူတွေ ၊ ဘာလက်နက်မှ မပါတဲ့ သူတွေ အသက်တွေ ပေးဆပ် လိုက်ရတယ်။

မျက်စိ ရှေ့မှာတင် လေးငါးယောက်လောက် သေတယ်။ အဲ့ဒီမှာ ခံစားချက်တွေက ပိုပြီး ပြင်းပြလာတယ်။ ဒါကြီးက ပြည်သူ လူထုကို နိုင့်ထက်စီးနင်း လုပ်နေတယ် ဆိုတာကြီးက ခေါင်းထဲ တဖြည်းဖြည်း အသိပိုပြီး ရိုက်သွင်း နိုင်ခဲ့တယ် ” ဟု စစ်ကောင်စီတပ်အား စွန့်ခွာရန် ဆုံးဖြတ်ချက် ခိုင်မာ လာရသည့် အဖြစ်ကို ကိုအောင်မျိုးသန့် က ပြန်ပြော ပြသည်။

Wai Yan Moeကိုအောင်မျိုးသန့် အကြမ်းမဖက် အာဏာ ဖိဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ပြီးချိန်ရက်အထိ မချယ်ရီသင်းတစ်ယောက် စစ်တန်းလျား လိုင်းခန်း အတွင်း ရှိနေသေးသည်။ သားသမီးငယ် လေးဦးကို လက်ဆွဲလို့ အမျိုးသား ဖြစ်သူ ရှိရာ လွတ်မြောက်နယ်မြေ တစ်နေရာကို အရောက်သွားရမည် သူမ၏ တော်လှန်ရေး ခရီးကြမ်းက စတင်တော့သည်။

စစ်တန်းလျားလိုင်းခန်းတွင် စစ်ကောင်စီက တပ်မှ ထွက်ခွာ မသွားရေး အမျိုးမျိုး ခြောက်လှန့်ကာ မိသားစုများကို ဝါဒဖြန့်လျက် ရှိသည်ဟု သူမက ဆိုသည်။”နင်တို့ CDM လုပ်တယ်ပဲထား၊ သုံးရက် ပြည့်ရင် နင်တို့ကို သတ်မှာပဲလို့ ပြောခဲ့တယ်။ ဒါပေမယ့် အမျိုးသားက အဲ့ဒါတွေက မဟုတ်ပါဘူး ပြောခဲ့တဲ့ အတွက် မကြောက်ပါဘူး။

သူတို့ စစ်တပ်လောက်တော့ မရက်စက်လောက်ပါဘူးလို့ ယူဆတာ ပေါ့နော်” ဟု လိုင်းခန်းများ အတွင်း ဝါဒဖြန့်ကာ သတင်းလွှင့် ထားသော်လည်း အမျိုးသားအား ယုံကြည်သည့်အတွက် သူစွန့်စားကာ ထွက်လာပုံကို မချယ်ရီသင်းက ပြောပြသည်။

ကိုအောင်မျိုးသန့်က CDM ပြုလုပ်ပြီး တစ်ပတ်ခန့် အကြာမှ သူ CDM ပြုလုပ်ကာ လွတ်မြောက် နယ်မြေ၌ ခိုလှုံသွားကြောင်း အမျိုးသမီးဖြစ်သူကို အသိပေးခဲ့ခြင်း ဖြစ်သည်။”အမျိုးသားက သူဒီလို လုပ်လိုက်ပြီဆိုတာ အကြောင်းကြားတော့ ဒီတပ်ထဲကနေ ဘယ်လို ထွက်ရမလဲပေါ့။ ကလေးကလည်း လေးယောက်နဲ့ ဆိုတော့ အမျိုးမျိုး ကြိုးစား ရတာပေါ့။

သိသွားလို့ ရှိရင် သားအမိတွေကို ဖမ်းထားမှာလည်း ကြောက်ရတာက တစ်မျိုးနဲ့ နောက်ဆုံး လှည့်ပတ်ပြောပြီး အိမ်ပြန်မယ်ဆိုပြီး ပြန်လာခဲ့ရတာ။ ပြီးမှ အစီစဉ် ဆွဲပြီး သူ့ဆီ ရောက်အောင် လိုက်သွားခဲ့ရတာ” ဟု တပ်တွင်းလိုင်းခန်းမှ စွန့်စွန့်စားစား ထွက်လာ ခဲ့ရပုံကို မချယ်ရီသင်းက ပြောသည်။

တစ်ညအိပ် ခရီးကို ကလေးငယ် လေးဦးနှင့် စွန့်စား ထွက်လာ ခဲ့ရသော်လည်း လွတ်မြောက်ရာ ရောက်မည် ဟူသည့် ယုံကြည်စိတ်က သူ့ အကြောက်တရားများကို ပြေလျော့ စေခဲ့သည်ဟု ဆိုသည်။

“အမေ့ရွာကို ပြန်ရောက် သွားသလိုပဲဗျာ။ ဒီက တိုင်းရင်းသား ရဲဘော်တွေက ကင်းစောင့်နေတဲ့ ရဲဘော်ကနေ အထက်လူကြီးအထိ ကိုယ့်မိသားစုတွေ အိမ်ပြန်ရောက် လာသလိုကို ကြိုဆို ကြတာ” ဟု မျက်ရည်ဝဲဝဲ အသံ ဆို့နင့်စွာနှင့် ကိုအောင်မျိုးသန့်က ပြောသည်။

အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ယခင်က ရန်သူ ဖြစ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ဒေသသို့ သူရောက်လာသည့်အခါ သူ့အတွက် နေထိုင် စားသောက်စရာများ လိုလေသေး မရှိ ပြင်ဆင် ဆောင်ရွက်ပေးခြင်းနှင့် ယုံကြည်မှုဖြင့် ဆီးကြိုခဲ့သည်ကို သူခံစား ခဲ့ရသည်ဟု ဆိုသည်။

ကိုအောင်မျိုးသန့်တို့ မိသားစု ခြောက်ဦး လွတ်မြောက်ရာ တောင်တန်းများဆီ ရောက်ခဲ့ပါပြီ။ စစ်ကောင်စီတပ်တွင် စစ်သက် ၁၃ နှစ် နီးပါး တာဝန် ထမ်းဆောင်ခဲ့ရသည့် သူ့တွင် မိသားစုဘဝ တစ်ခုသာ အဖတ် တင်ခဲ့သည်။

“စစ်ကောင်စီတပ်မှာက အထက်က အရာရှိတွေက ငါကောင်းစားရင် ပြီးရော၊ ငါချမ်းသာရင် ပြီးရော ဆိုတဲ့သူတွေ များတယ်။ ဘယ်လောက် ပေးဆပ် ပေးဆပ် အခွင့်အရေး ရတယ်ဆိုတာ မရှိဘူး ” ဟု သူကပြော သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူ့အား တပ်မတော်သား CDM ID ထုတ်ပေးထားပြီ ဖြစ်ပြီး ထောက်ပံ့မှုလည်း စတင်ပေးနေပြီဟု သူက ပြောသည်။

စစ်ကောင်စီ တပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံလာနိုင်ရေး ဆောင်ရွက်နေသည့် ပြည်သူ့ရင်ခွင် အဖွဲ့ကလည်း သူတို့ မိသားစုအား ထောက်ပံ့သည်။ ပံ့ပိုးမှုက မိသားစု စားဝတ်နေရေး အလုံးစုံတော့ မပြည့်စုံပေ။ ထို့ကြောင့် ကိုအောင်မျိုးသန့်က သူတတ်ကျွမ်းသည့် လက်သမား ပန်းရံ အတတ်ဖြင့် အလုပ်လုပ်ကာ သူ့မိသားစုအား စောင့်ရှောက်လျက် ရှိသည်။
“ မိသားစုမှာ ကလေး လေးယောက်နဲ့ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ခက်ခဲတယ်။ ရုန်းကန်ရတာ မလွယ်ဘူး ” ဟု သူ့ အခက်အခဲကိုလည်း ရင်ဖွင့် ရှာသည်။

မိသားစုများ စားသောက်ဖို့ ချက်ပြုတ်နေသည့် မချယ်ရီသင်း ကတော့ “အရင်က သူနဲ့ စညားတုန်းကတောင် လိုင်းခန်းကို လိုက်မနေဖို့စဉ်းစားတယ်။ ဒါပေမယ့် ကိုယ်တည်ထောင်ထားတဲ့ အိမ်ထောင်ရေး တစ်ခုကို မြဲမြံအောင် နေရမယ်ဆိုတဲ့ အတွေးနဲ့ လိုက်နေရပါတယ်။ သူ CDM လုပ်မယ် လွတ်မြောက်နယ်မြေ ဝင်တော့လည်း ဒါကတော့ အပျော်ဆုံးပေါ့။

နဂို ကတည်းက ကိုယ်က အရပ်သူ ဆိုတော့ အရပ်သူ ဆန်ဆန်ပဲ နေချင်တယ်။ ဒါကြောင့် အခု သူရွေးချယ်ခဲ့တဲ့ လမ်းကို ပိုပြီး သဘောကျပါတယ်” ဟု လက်ရှိအချိန်ကို သူနှစ်သက်ကြောင်း ပြုံးရွှင်စွာ ပြောသည်။

စစ်အာဏာသိမ်း ကာလ တစ်နှစ်ကျော် ရှိလာပြီ ဖြစ်သည့်အတွက် တပ်တွင်းမှ ရဲဘော်များလည်း ဘယ်သူမှန်ကာ ဘယ်သူမှားကြောင်း နားလည်သင့်ပြီဟု ကိုအောင်မျိုးသန့်က ပြောကာ အခြား ရဲဘော်နှင့် အရာရှိများ ပြည်သူနှင့် အတူ ပူးပေါင်းကြရန်လည်း သူက တိုက်တွန်းသည်။

“ကျွန်တော် CDM လုပ်နိုင်တာကို ကျွန်တော့ကိုယ် ကျွန်တော် ဂုဏ်ယူတယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော့ မိသားစုနဲ့ အတူ လူလယ်ကောင်မှာ လက်မ ထောင်နိုင်တယ်။ အထဲမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ မိသားစုတွေ ဘယ်လောက်ကြီးပဲ စစ်တပ် ထောက်ခံ ပေးဆပ်နေပါစေ၊ တကယ်တန်း လူပုံအလယ် ရောက်ရင် မျက်နှာ မဖော်ရဲဘူး။ ခေါင်းမဖော်ရဲဘူး ” ဟု ကိုအောင်မျိုးသန့်က ပြောသည်။

ကိုအောင်မျိုးသန့်တို့ ကဲ့သို့ တပ်တွင်းမှ စွန့်ခွာကာ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသည့် စစ်သားနှင့် ရဲ အရေအတွက်သည် ယခုဆိုလျှင် ၁၀,၀၀၀ နီးပါးအထိ ရှိနေပြီ ဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် အပြင် မထွက်ဘဲ အတွင်း၌ နေပြီး သတင်း အချက်အလက် ပို့ပေးနေသူများစွာ ရှိနေသည်ဟု အမျိုးသား ညီညွတ် ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့ ဧပြီ ၁၈ ရက်တွင် ပြောဆိုထားသည်။

လက်ရှိတွင်တော့ ကိုအောင်မျိုးသန့်တို့ မိသားစုက လွတ်မြောက်ရာ တောင်တန်းများ အောက်ရှိ အင်ဖက်မိုး တဲတစ်လုံးထဲဝယ် မိသားစု စုံလင်သည့် ထမင်းဝိုင်းဖြင့် ပြည်သူ့မေတ္တာကို ရရှိ ခံစားနေရပြီ ဖြစ်သည်။

ကိုအောင်မျိုးသန့်

MizzimaTV