Local News
မေလ ၄ ရက်နေ့ ၊၂၀၂၂
Salweenpress
မန္တလေး-မူဆယ်လမ်းမှာ မူးယစ်မှောင်ခိုကားတွေကိုငွေယူပြီးလွှတ်ပေးတဲ့ရဲတွေ အုပ်စုလိုက်ထောင်ချခံရ
မေလ ၄ ရက်နေ့ ၊၂၀၂၂
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ဖြတ်သန်းတဲ့ မူးယစ်ဆေးဝါးတင်ယာဉ်တွေဆီကနေလာဘ်ငွေရယူပြီး မသိချင်ယောင်ဆောင် လွှတ်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက အုပ်စုလိုက်ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ရဲအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
အရေးယူခံလိုက်ရတဲ့ရဲတွေဟာ ဒီလမ်းမကြီးပေါ်ရှိ ၁၆ မိုင်စုပေါင်းဂိတ်၊ နောင်ချို၊ ပြင်ဦးလွင် စတဲ့ ရဲစခန်းအသီးသီးက ရဲတွေအပါအဝင် မူးယစ်အထူးတပ်ဖွဲ့က ရဲအရာရှိတွေနဲ့ အခြားအဆင့်ကစုစုပေါင်း ဒါဇင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရတာပါ ။
“အဲ့ဒီအထဲမှာပါတဲ့ မူးယစ်အထူးတပ်ဖွဲ့က ဒုရဲမှူး ဦးရီထွန်းသန်းဆိုတာ ကျနော့်မိတ်ဆွေပါ။ သူကတော့ မစားပေမယ့် သူ့လက်အောက်ကလူတွေစားတာအတွက် ခံလိုက်ရပုံရတယ်။ သူသိတာကိုး။ ကျနော်သိရသလောက်ကတော့ မူးယစ်ကားတွေကို လွှတ်ပေးနေကြ။ အဲ့ဒီမှာ မူးယစ်ဆေးနဲ့အတူ လက်နက်တွေပါသွားလို့။ အဲ့ဒါကြောင့် အဖမ်းခံရတာ” ဟု နောင်ချိုမြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့အသိုင်းအဝိုင်း သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ဟာမန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပေါ်ရှိ မူးယစ်အထူးတပ်ဖွဲ့က ဒုရဲမှူး ဦးရီထွန်းသန်းအပါအဝင် မူးယစ်တပ်ဖွဲ့က ရဲအရာရှိ ၇ ဦးကို ဖမ်းဆီးခဲ့တာပါ။
ဒီရဲတွေဟာ ပြည်ထောင်စုလမ်းမပေါမှာ မူးယစ်မှောင်ခိုယာဉ်တွေဆီကနေ လာဘ်ငွေယူပြီး လုပ်စားနေသည်မှာ နှစ်ချီကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ် ။
ဒီကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ (နေပြည်တော်)က သတင်းရင်းမြစ်ကလည်း “ဟုတ်တယ်။ ဒါပေမဲ့ အရေးယူခံရတဲ့ပုံစံတွေ အရေအတွက် နဲ့ ထောင်ဒဏ်တွေကိုတော့ မသိရဘူး။ ရာဂဏန်းလောက်တော့ မရှိဘူး။ များတာတော့များတယ်” ဟု ပြောပါတယ်။
ဒါ့အပြင် ရဲချုပ်သန်းလှိုင် ရဲချုပ်ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ အကြောင်းဟာလည်း ဒီကိစ္စနဲ့ပါ ပတ်သက်ဆက်စပ်နေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မေ ၂ ရက်နေ့မှာ စစ်ကောင်စီဟာ ရဲချုပ်သန်းလှိုင်ကို ရဲချုပ်ရာထူးကနေဖယ်ရှားပြီး သူရဲ့မူလစစ်ဘက်တာဝန်ဖြစ်တဲ့ က.စ.ထ ၆ မှူး တာဝန်ကိုသာ ဆက်လက်ထမ်းဆောင်စေခဲ့ပါတယ်။