Local News
မင်္ဂလာမူဆယ်မှာ ကားရပ်ထားတဲ့ ဒေသခံ ၂ ဦးကို ရဲဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်စုက ဓားပြတိုက်
ရွှေဖီမြေ၊ မေလ ၁၆ ရက်၊ မူဆယ်
မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ မင်္ဂလာမူဆယ်အနီးမှာ ကားရပ်ထားတဲ့ ဒေသခံ ၂ ဦးဟာ မနေ့ နေ့လယ် ၂ နာရီမှာ ဓားပြတိုက်ခံပြီး ငွေ ၆ သိန်း ပါသွားတယ်လို့ သိရတယ်။
ဖြစ်စဉ်မှာ အသက် (၂၀)ကျော်ရှိ အမျိုးသား ၃ ဦးဟာ အိမ်စီးကားအဖြူ၊ ရဲဝတ်စုံဝတ်နဲ့ သေနတ်တွေ ကိုင်ဆောင်ထားပြီးတော့ တရုတ်ငွေ ယွမ် ၂ ထောင် (၆ သိန်း)တောင်းတယ်လို့ ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပြပါတယ်။
“နှစ်ယောက်က ရဲဝတ်စုံနဲ့လာတယ်။ ကားမောင်းတဲ့ တစ်ယောက်တော့ အရပ်သားဝတ်စုံနဲ့ပဲ။ အဲချိန် ကျမတို့ဖုန်းလည်း အကုန်သိမ်းတယ်။ ဘယ်သူ့ကိုမှ မဆက်ရဘူးတဲ့။ သူများကို ပြောပြရင် ရဲစန်းခေါ်သွားမယ်လို့ ပြောတယ်။ အစက ဆယ်သိန်းတောင်းတယ်။ သူတို့ကို တောင်းပန်လိုက်တယ် ပိုက်ဆံမရှိဘူး”
“နောက်မှ ၆ သိန်း ပေးလိုက်တယ်။ သူတို့မေးသေးတယ်။ ပိုက်ဆံ ဘယ်လိုပေးမှာလဲတဲ့။ K-Pay နဲ့ Wave ထဲ လွှဲပေးမယ်ပြောတော့ သူတို့မသုံးဘူးတဲ့။
နောက်တော့ ပိုက်ဆံ လာပို့ခိုင်းတယ်။ ပြီးတော့ ရဲဝတ်စုံဝတ်တဲ့ နှစ်ယောက် မင်္ဂလာမူဆယ်ထဲ ဝင်သွားတယ်။ ပြန်ထွက်လာတော့ အဲဝတ်စုံ မဝတ်တော့ဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် မူဆယ်မှာ မနေ့တစ်ရက်ထဲမှာဘဲ လက်နက်ကိုင်ဆောင်သူက ဒေသခံနေအိမ်ထဲထိ ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိ မူဆယ်မှာ မူးယစ်ဆေးဝါး သုံးစွဲလာသူတွေ များပြားလာနေပြီး ဂိမ်းနဲ့ လောင်းကစားဝိုင်းတွေ ပေါများလာတာနဲ့အတူ ခိုးမှု၊ ဓားပြတိုက်မှုတွေလည်း ရှိနေပြီးတော့ တစ်ရက်ကို လုယက်မှု၊ ဓားပြတိုက်မှုဟာ အနည်းဆုံး ၃ မှု၊ ၄ မှု ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မူဆယ်ဟာ နယ်စပ်မြို့လည်း ဖြစ်တဲ့အတွက်ကြောင့် နေထိုင်ရတာ လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။