Local News





ရန်ကုန်၊ မေ ၂၀






သေ့ဘော့ဘိုး အကြမ်းဖက်စစ်ကောင်စီစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မေလ (၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် သေ့ဘော့ဘိုးရွာအဝင်ဆိုင်းဘုတ်အနီးမှ မြဝတီ-ဝေါ်လေကားလမ်းကို ဖြတ်သန်း၍ သောင်းရင်းမြစ်ကို ဖြတ်ကူး ထွက်ပြေးသွားခဲ့ပါသည်။

ထိုင်းဘက်အခြမ်းမှ အသင့်စောင့်ဆိုင်းနေသော ထိုင်းစစ်သားများမှ ကားနှစ်စီးဖြင့် လာရောက်ခေါ်ယူခဲ့ပြီး စစ်ကောင်စီ တပ်သားများ၏ လက်နက်များအား ထုပ်ပိုး သယ်ဆောင်သွားခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ သောင်းရင်းမြစ် ဖြတ်ကူးစဉ် ပြုတ်ကျ ကျန်ရစ်ခဲ့သော MA -2 တစ်လက်အား သိမ်းဆည်းရမိခဲ့ပါသည်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ထိုင်းဘက်သို့ ထွက်ပြေးသော စစ်ကောင်စီစစ်သား ၁၁ ဦးနှင့် ပေါ်တာ ၃ ဦးကို ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ပြန်ပို့

ရန်ကုန်၊ မေ ၂၀

အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသူ စစ်သား ၁၁ ဦးနှင့် ပေါ်တာ ၃ ဦးကို ထိုင်းအာဏာပိုင်များက ယမန်နေ့ မေလ ၁၉ ရက်တွင် မြန်မာ နိုင်ငံဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရှိရသည်။

“ဗမာစစ်သား ၁၁ ယောက်၊ ပေါ်တာ ၃ ယောက်ကို ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ မဲဆောက်-မြဝတီ အမှတ် ၂ တံတားကနေ ပြန်ပို့လိုက်ပြီ။

သူတို့တွေ ထိုင်းဘက်ကမ်းကို ပြေးလာတာ သူတောင်းစားလိုပဲ ဗွက်တွေပေပြီး စုတ်ပြတ်နေတာ၊ အဲဒါ ထိုင်းအာဏာပိုင်တွေက ရေမိုးချိုးခိုင်းပြီး ထမင်းကျွေး၊ လက်ဖက်ရည်တိုက်ပြီး ပြန်ပို့တာ” ဟု မဲဆောက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၁၈ ရက် မွန်းလွဲပိုင်း၌ ဖလူး-ဝေါ်လေ ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘောဘိုး စခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက် ခိုက်စဉ် စစ်သား အနည်းဆုံး ၅ ဦးသေဆုံးပြီး၊ စစ်သား ၆ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသော စစ်ကောင်စီ စစ်သား ၁၁ ဦးကို တွေ့ရစဉ်