Local News



ရန်ကုန်၊ မေ ၂၈






စစ်အာဏာရှင်ကို စွန့်ခွာကာ CDM ပြုလုပ်လာသည့် တပ်သား ၂ ဦး၏ ဖွင့်ဟပြောဆိုချက်များကို ကရင်နီပြည်သူ့ရင်ခွင် ထုတ်ပြန် (ရုပ်/သံ)

ရန်ကုန်၊ မေ ၂၈

စစ်အာဏာရှင်ကို စွန့်ခွာကာ CDM ပြုလုပ်လာသည့် အကြမ်းဖက်စစ်တပ်၏ အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းမှ တပ်သား ၁ ဦးနှင့် တပ်မ ၆၆၊ ခလရ ၁ မှ တပ်သား ၁ ဦး၏ ဖွင့်ဟဝန်ခံချက်များကို ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ မေလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

တောင်ကြီးအခြေစိုက် အဆင်မြင့်ဆက်သွယ်မှုတပ်ရင်း အဆရ ၁၀ မှ စစ်သက် ၂ နှစ်ရှိသူ တပ်သား ထွန်းမင်းစိုးက CDM ပြုလုပ်ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတွင် တတောင့်တနေရာမှ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အလားတူ ဘော်လခဲမြို့နယ်၊ မတ်စလောင်းတောင်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းမှ တပ်မ ၆၆၊ ခလရ ၁ တပ်သား သက်စိုးပိုင်သည် ပင်ပန်းဆင်းရဲမှုများ၊ အထက်အရာရှိ၏ နှိပ်စက်မှုဒဏ်များကို မခံနိုင်၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်သို့ ပြောဆိုသည်။

သက်စိုးပိုင်သည် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို လုံခြုံရေးယူရသည့် တပ်သား ၁ ဦးဖြစ်ပြီး စစ်ယာဉ်တန်းများသည် ဗျူဟာပိုင်း ညံ့ဖျင်းခြင်း၊ ဖွဲ့စည်းပုံ မကောင်းခြင်းများကြောင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ရှင်ပြသည်။

တပ်သားနှစ်ဦး၏ ဖွင့်ဟဝန်ခံချက် ရုပ်သံကို ရန်ကုန်ခေတ်သစ်က ပြန်လည်တင်ဆက်ပေးလိုက်သည်။