ပုသိမ်၊ မေလ ၂၉ ရက်
Ayeyarwaddy_Times
ဆိုင်ကယ်အတွင်းမှ ဗုံးပေါက်ကွဲပြီး မောင်းနှင်လာသူ အမျိုးသား သေဆုံး
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ပုသိမ်၊ မေလ ၂၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ စကားဝါလမ်းမကြီးပေါ်မှာ ဒီနေ့မနက် ၆နာရီကျော်က ဆိုင်ကယ်ပေါ်မှာ ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“စကားဝါ VIP အရက်ဆိုင်ရှေ့မှာအမျိုးသားအသက် ၃၀ လောက်လို့။ ခန့်မှန်းရတယ်သူကဆိုင်ကယ်မောင်းလာတုန်း ဆိုင်ကယ်တူးဘောက်ထဲကနေထပေါက်တာ။ ပွဲချင်းပြီးပဲ ” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူအမျိုးသားဟာ ဗုံးကိုဆိုင်ကယ်ထဲထည့်ပြီးသယ်ဆောင်လာစဉ်ပေါက်ကွဲတယ်လို့ ဒေသခံတွေက ပြောဆိုမှုတွေရှိနေပေမယ့် သေဆုံးသူမည်သူဆိုတာ နဲ့ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ပုသိမ်မြို့မှာ စစ်ကောင်တပ်တွေနဲ့ ရဲတွေက လမ်းဆုံ လမ်းဂွနေရာတွေမှာ ကားဆိုင်ကယ်တွေကိုပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။