Local News


မေလ ၃၁ ရက်နေ့၊ ၂၀၂၂








Salweenpress

သေဘောဘိုးစခန်းပြန်သိမ်းဖို့ အင်အားအလုံးအရင်းသုံးမယ့် စစ်ကောင်စီလျှို့ဝှက်ချက်ပေါက်ကြား

မေလ ၃၁ ရက်နေ့၊ ၂၀၂၂

ကရင်ပြည်နယ် သေ့ဘောဘိုးစခန်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကြောင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ်များပြင်ဆင်ထားရန်နှင့် လက်နက်ကြီးပစ်ကူစီမံဆောင်ရွက်ထားရန် ညွန်ကြားချက်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ဖုန်းမှတွေ့ရကြောင်း KNLA တပ်မဟာ ၁ သတင်းရင်းမြစ်ကပြောပါတယ်။

“တာအူထ၊ တောင်နီ၊ ဘလယ်တို၊ ဆုံဆည်းမြိုင်တပ်စွဲထားရန် လေးကေ့ကော်အရံစစ်ကြောင်းများအား ထား၍ လေကြောင်းပစ်ကူရှင်းလင်းပြီး မိမိတပ်အလုံးအရင်းဖြင့် ခမရ ၅၈၉၊ ၄၄၀၊ ၄၃၉၊ ၃၅၁၊ BGF အသွင်အမြောက်ပစ်ကူရန်နှင့် အမြောက်တပ်မှ ၃၁၅၊ ၃၁၂၊ ၎င်းတပ်များဖြင့်မြေပြင်စစ်ကြောင်းထိုးရှင်းလင်မည်” ဖြစ်တယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ဖုန်းထဲမှာတွေ့ရသည့်လျှို့ဝှက်ညွှန်ကြားချက်မှာ ရေးသားထားပါတယ်။

အရံစစ်ကြောင်းမှာ ခလရ ၂၇၊၂၈၊၂၉၊၂၇၅၊၂၈၃၊၂၈၄ ဖြစ်ပြီး ခမရ ၃၁၀သည် BGF အသွင်ဖြင့်လည်းကောင်း ၎င်းစစ်ကြောင်းများသည် လေးကေ့ကော်တွင်စုဖွဲ့ထားပြီးဖြစ် စစ်ကူ/ပစ်ကူပေးမည်ဖြစ်သည်ဟု စာမှာပါရှိကြောင်း KNLA တပ်မဟာ ၁ အရာရှိတစ်ဦးကပြောပါတယ်။

“ဦး/ရေး/ထောက်အပိုင်းအား BGF ရင်းမှူးမှစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ရေးနဲ့ကွပ်ကဲရေးကြည်း (ကကကြည်း) မှတိုက်ရိုက်ညွန်ကြားမှုပေးသွားမည်ဖြစ်ကြောင်း” ရရှိထားသည့်ပေါက်ကြားစာမှာတွေ့ရတယ်လို့ အဆိုပါအရာရှိကပြောပါတယ်။

မှတ်ချက်မှာ တပ်မတော်အားအုပ်ချုပ်ထောက်ပံ့မှုအားအဓိကဆောင်ရွက်ပေးနေသည်မှာ BGF ရင်းမှူးဖြစ်ကြောင်းသိရှိနိုင်ရန်အကြောင်းကြားအပ်ပါသည်လို့စာမှာပါရှိပါတယ်။

ဒါ့အပြင် မေလ ၂၇ ရက်နေ့မှာလည်း အကြမ်းဖက်စစ်ကောင်စီနှင့် BGF ဗိုလ်မုတ်သုန်လက်အောက်ခံတပ်ဖွဲ့တို့သည် ကွင်းကလေးနှင့်ချစ်သူလင်းမြိုင်ဘက်တွင်မှာအင်အားတိုးချဲ့ထားတာရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။

အခုရက်ပိုင်းမှာလည်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့တွေက အရပ်သားကားတွေအသုံးပြုပြီး သွားလာနေတယ်လို့ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။