Local News


မြေလတ်အသံ၊ ဇွန် ၁၊ ၂၀၂၂။







#မြေလတ်အသံ

PDF ၆ ဦးကျဆုံးခဲ့တဲ့ ဗုံးကျဲခံရမှုမှာ စစ်ကောင်စီကို ဆည်မြောင်းအကြီးတန်းအရာရှိက မြေပုံညွှန်းနဲ့ သတင်းပေးတိုင်ခဲ့ဟုဆို

မြေလတ်အသံ၊ ဇွန် ၁၊ ၂၀၂၂။

မကွေးတိုင်း၊ ဂန့်ဂေါ၊ မင်းရွာ၊ မြစ်သာဆည်ပေါ်နဲ့ အနီးဝန်းကျင်တွေမှာ PDF စခန်းချနေတဲ့ နေရာတွေကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို သုံးပြီး ဗုံးကျဲနိုင်အောင် မြေပုံညွှန်းနဲ့ သတင်းပေး တိုင်ကြားသူဟာ ဆည်မြောင်းအကြီးတန်းအရာရှိတဦး လို့ ဒေသခံတွေနဲ့ ဆည်မြောင်းဝန်ထမ်းတွေက ဆိုပါတယ်။အဲဒီလို ရဟတ်ယာဉ်နဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်လို့ PDF ၆ ဦးနဲ့ ဆည်မြောင်းနေ့စား ဝန်ထမ်း ၁ ဦး တို့ ကျဆုံးခဲ့ရပါတယ်။

“PDF တွေက ဆည်ပေါ်ကိုလာစခန်းချတယ် အဲ့တာကို ဆည်ပေါ်က အကြီးတန်းအရာရှိ တယောက်က ဒလန်လုပ်ပြီးဘယ်အဆောက်အအုံတွေမှာ အထိုင်ချနေပါတယ်ဆိုပြီး location အတိအကျ point ထောက်ပြီးတိုင်တာ ရဟတ်ယဉ် ၆ စီးနဲ့လာပြီး ၃ စီးနဲ့ပစ် ၃ စီးက လူချလုပ်တာ PDF ၆ ယောက် ကျပီး ရုံးက နေ့စားဝန်ထမ်းတယောက်သေတယ် အခုထိဆည်ပေါ်က လူတွေဝန်ထမ်းတွေ တောထဲပြေးနေရတယ်။ ဘယ်သူတိုင်တယ်ဆိုတာကိုလည်း PDF ကသိတယ်။” လို့ နေရပ်နဲ့အမည်မပြောလိုတဲ့ ရင်းမြစ်တဦးက မြေလတ်အသံကိုပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီက ဒေသခံတွေအပါအဝင် ဆည်မြောင်းဝန်ထမ်းတွေကိုလည်း စစ်မေးတာ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး တပ်စွဲနေတာတွေကြောင့် ယနေ့အချိန်ထိ တောထဲမှာပဲနေထိုင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပစ်ခတ်ပြီးနောက်တရက်မှာ အကုန်မွေတာ စခန်းချထားတဲ့ နေရာတွေက ကြည်သွန်နီဥကအစ စားအိုးစားခွက် အကုန်သိမ်းတာ ဆည်မြောင်းဝန်ထမ်းတွေ ပစ္စည်းတွေပါအကုန်ပါသွားတာ တချို့ကတော့ စစ်တပ်ဝင်လာပြီဆိုကတည်းက ပြေးကြတာ၊ တချို့လည်း လက်ပြန်ကြိုးတုပ်ပြီး စစ်မေးတာတွေ လုပ်တယ်။” လို့ ဒေသခံတဦးကပြောပါတယ်။

ဗုံးကျဲတိုက်ခိုက်မှုကို မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အဲဒီကျေးရွာအနီးတဝိုက်မှာ တပ်စွဲနေထိုင်နေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေသေးတာကြောင့် ဒေသခံပြည်သူတွေ၊

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အထူးဂရုပြုပြီး၊ လုံခြုံရာဒေသတွေမှာ နေထိုင်ကြဖို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက် နေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

#မြေလတ်အသံ