Local News


MFP ၊






လက်နက်ပေးထားတဲ့ ကုန်းတန်းအုပ်ချုပ်ရေးမှူး ပျောက်ဆုံးနေလို့ စစ်အုပ်စုက အသည်းအသန် ရှာဖွေနေ

MFP ၊
လက်နက်တပ်ဆင်ပေးထားတဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟာ လက်နက်နဲ့တကွ ပျောက်ဆုံးနေတာ နှစ်ရက်ရှိပြီဖြစ်တဲ့အတွက် စစ်အုပ်စုက အသည်းအသန် ရှာဖွေနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စစ်အုပ်စုဟာ အင်အားအများအပြားနဲ့ ကုန်းတန်းရွာကို အဝင်အထွက်တွေ ပိတ်ဆို့ခဲ့ပြီး ရွာထဲက နေအိမ်တွေကို ဧည့်စာရင်းစစ်တာ၊ ဖုန်းတွေစစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မနက်ကတည်းက လာစစ်တာ နေ့လယ်ဘက်လောက်မှ ပြန်သွားကြတယ်။ အပြင်ဈေးသည်တောင် အဝင်မခံဘူး။ အုပ်ချုပ်ရေးမှူးက ကြောက်လို့ပြေးတာလား ဘာလားတော့ မသိဘူး “ လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကုန်းတန်းကျေးရွာထဲကို စစ်အုပ်စုက စစ်ဆေးစဉ် NLD ပါတီတံဆိပ်နဲ့ အင်္ကျီတွေ့လို့ဆိုပြီး ဖမ်းဆီးခံရတယ်လို့ သိရပေမယ့် အတည်တော့ မပြုနိုင်သေးပါဘူး။

ကုန်းတန်းရွာကို စစ်ဆေးပြီးတဲ့နောက်မှာတော့ ပုသိမ်ကြီးရဲစခန်းရှေ့မှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့သလို နန်းရှေ့ နန်းဦးလွင်ကျေးရွာကိုလည်း အဝင်အထွက်ပိတ်ဆို့ စစ်ဆေးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ သူတို့လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို လက်နက်တပ်ဆင်ပေးထားတယ်လို့ နီးစပ်သူ သတင်းရင်းမြစ်အချို့ထံက သိရပါတယ်။