ရဲစခန္းအခ်ဳပ္မွ PDF တပ္ဖြဲ႕ဝင္မ်ားကို KNDO ပူးေပါင္းတပ္ဖြဲ႕ ကယ္ထုတ္ႏိုင္ခဲ့
ကရင္ျပည္နယ္၊ KNUတပ္မဟာ (၆) ထိန္းခ်ဳပ္နယ္ေျမ၊ ျမဝတီခ႐ိုင္ ေဝါေလၿမိဳင္ၿမိဳ႕နယ္ ရဲစခန္းအခ်ဳပ္မွ PDF တပ္ဖြဲ႕ဝင္မ်ားကို KNDO ပူးေပါင္းတပ္ ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ဇြန္လ ၁၃ရက္ေန႔ နံနက္ ၅နာရီဝန္းက်င္တြင္ KNDOအထူးကြန္မန္ဒိုတပ္ရင္းႏွင့္ ဆင္ျဖဴစစ္ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) တို႔ ေဝါေလၿမိဳင္ ရဲစခန္းကို တိုက္ခိုက္သိမ္းယူႏိုင္ခဲ့ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ၎စခန္းတြင္ ခ်ဳပ္ေႏွာင္ခံေနရသည့္ PDF တပ္ဖြဲ႕ဝင္ အမ်ိဳးသား ငါးဦး၊ အမ်ိဳးသမီး ေလးဦးကို ကယ္ထုတ္ႏိုင္ခဲ့ၿပီး ရဲတပ္ၾကပ္အပါအဝင္ ငါးဦးကို အရွင္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း KNDO အထူးကြန္မန္ဒိုတပ္ရင္းမွ တာဝန္ရွိသူတစ္ဦးကမဇၩိမသို႔ေျပာသည္။
စခန္းသိမ္းတိုက္ပြဲအတြင္း စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္ သုံးဦးေသဆုံးခဲ့ေၾကာင္းလည္းသိရသည္။အဆိုပါ စခန္းတြင္ ရဲတပ္ဖြဲ႕ဝင္အင္အား ၂၈ ဦးရွိၿပီး တိုက္ပြဲျဖစ္ပြားခ်ိန္တြင္ စခန္းစြန႔္ခြာထြက္ေျပးၾကသူ အမ်ားအျပားရွိၾကကာ ဖမ္းမိသူမ်ားထဲတြင္ ရဲမိသားစုမ်ား ပါရွိေနေၾကာင္းလည္း KNDO တပ္ဖြဲ႕ တာဝန္ရွိသူက ဆိုသည္။
တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္မွပစ္ခတ္သည့္ လက္နက္ႀကီးေၾကာင့္ စခန္းမွျပန္လည္ကယ္ထုတ္ႏိုင္သည့္ PDF ရဲေဘာ္အမ်ိဳးသမီး ႏွစ္ဦး၊ ဖမ္းဆီးခံခဲ့ရသည့္ ရဲတပ္ဖြဲ႕ဝင္ ႏွစ္ဦး၊ ေဒသခံအမ်ိဳးသား တစ္ဦးႏွင့္ ဆင္ျဖဴစစ္ေၾကာင္း PDF တပ္ဖြဲ႕ဝင္ တစ္ဦး စုစုေပါင္း ေျခာက္ဦးမွာ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း လည္းသိရသည္။
တိုက္ပြဲၿပီးဆုံးသည့္ေနာက္ ၆၀ မမ ကြန္မန္ဒို တစ္လက္၊ G3 ႏွစ္လက္၊ G4 တစ္လက္၊ BA 93 သုံးလက္၊ ေျခာက္လုံးျပဴး တစ္လက္၊ ၇.၇၆က်ည္ ၇၁၀ေတာင့္၊ 9 mm က်ည္ ၃၆ေတာင့္၊ ၆၀မမ ဗုံးသီး ၁၈လုံး၊ G3 က်ည္အိမ္ ေျခာက္ကတ္၊ အူဇီက်ည္အိမ္ ႏွစ္ကတ္၊ လက္ထိပ္ ႏွစ္စုံ၊ ဓာတ္မီး ႏွစ္ခု၊ ဓား ေလးလက္၊ ပါဝါဘဏ္ ႏွစ္လုံး၊ ဆက္သြယ္ေရးအထိုင္စက္ တစ္လုံးႏွင့္ ရဲတပ္ဖြဲ႕ဝင္ အိတ္ေဆာင္ကတ္ျပား တစ္ခု သိမ္းဆည္းရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
Mizzima
ရဲစခန်းအချုပ်မှ PDF တပ်ဖွဲ့ဝင်များကို KNDO ပူးပေါင်းတပ်ဖွဲ့ ကယ်ထုတ်နိုင်ခဲ့
ကရင်ပြည်နယ်၊ KNUတပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင် ဝေါလေမြိုင်မြို့နယ် ရဲစခန်းအချုပ်မှ PDF တပ်ဖွဲ့ဝင်များကို KNDO ပူးပေါင်းတပ် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၃ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် KNDOအထူးကွန်မန်ဒိုတပ်ရင်းနှင့် ဆင်ဖြူစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ဝေါလေမြိုင် ရဲစခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းစခန်းတွင် ချုပ်နှောင်ခံနေရသည့် PDF တပ်ဖွဲ့ဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ရဲတပ်ကြပ်အပါအဝင် ငါးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း KNDO အထူးကွန်မန်ဒိုတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကမဇ္ဈိမသို့ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်းလည်းသိရသည်။အဆိုပါ စခန်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၈ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် စခန်းစွန့်ခွာထွက်ပြေးကြသူ အများအပြားရှိကြကာ ဖမ်းမိသူများထဲတွင် ရဲမိသားစုများ ပါရှိနေကြောင်းလည်း KNDO တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကြောင့် စခန်းမှပြန်လည်ကယ်ထုတ်နိုင်သည့် PDF ရဲဘော်အမျိုးသမီး နှစ်ဦး၊ ဖမ်းဆီးခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ ဒေသခံအမျိုးသား တစ်ဦးနှင့် ဆင်ဖြူစစ်ကြောင်း PDF တပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လည်းသိရသည်။
တိုက်ပွဲပြီးဆုံးသည့်နောက် ၆၀ မမ ကွန်မန်ဒို တစ်လက်၊ G3 နှစ်လက်၊ G4 တစ်လက်၊ BA 93 သုံးလက်၊ ခြောက်လုံးပြူး တစ်လက်၊ ၇.၇၆ကျည် ၇၁၀တောင့်၊ 9 mm ကျည် ၃၆တောင့်၊ ၆၀မမ ဗုံးသီး ၁၈လုံး၊ G3 ကျည်အိမ် ခြောက်ကတ်၊ အူဇီကျည်အိမ် နှစ်ကတ်၊ လက်ထိပ် နှစ်စုံ၊ ဓာတ်မီး နှစ်ခု၊ ဓား လေးလက်၊ ပါဝါဘဏ် နှစ်လုံး၊ ဆက်သွယ်ရေးအထိုင်စက် တစ်လုံးနှင့် ရဲတပ်ဖွဲ့ဝင် အိတ်ဆောင်ကတ်ပြား တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။
Mizzima