Articles

KNDF ရဲဘော်တယောက်ဆိုသွားတဲ့သီချင်းလေးပါ…..ရဲဘော်လည်းနှလုံးသားနဲ့ပါ

ဒီနေ့ဟာ ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့ဖြစ်ပါတယ်။

ကရင်နီပြည်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအတွက်တော့ သူတို့ရဲ့ နေ့ထူးနေ့မြတ် ကရင်နီအမျိုးသားနေ့ကို စစ်ပွဲတွေကြားမှာပဲ နှစ်ကြိမ်ဆက်တိုက် ကြုံနေကြရတာပါ။ကရင်နီပြည်မှာ အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်စဉ် ဖြစ်တဲ့ ဒေသတွင်းတိုက်ပွဲတွေ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံပြည်သူတွေဟာ ဒီတိုက်ပွဲတွေကို ၂၀၂၁ မေလကတည်းက စတင်ရင်ဆိုင်ခဲ့ကြရတာ ဒီနေ့ထိတိုင်ပါပဲ။

“ကရင်နီအမျိုးသားနေ့ဟာ ကျွန်မတို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တယ်။ ပြီးတော့ ပျော်ရွှင်စရာ နေ့တစ်နေ့ ဖြစ်ရမယ်ပေါ့နော်။ သို့ပေမယ့် လက်ရှိ စစ်ပူကာလကြောင့် ကျွန်မတို့ ကရင်နီလူမျိုးတွေ နေရာအသီးသီးမှာ ရောက်နေတယ်။ ရုန်းကန်နေကြရတယ်ပေါ့နော်” နေအိမ်တွေကို စွန့်ခွာပြီး တောတောင်တွေနဲ့ နယ်စပ်ဒေသတွေမှာ ထွက်ပြေးခိုလှုံနေကြရတဲ့ ကရင်ပြည်သူတွေရဲ့ အခြေအနေကို နိုင်ငံရေးပါတီဝင် ကရင်နီလူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အင်အားသုံးထိုးစစ်ဆင် စစ်ကြောင်းတွေကြောင့် ပြီးခဲ့တဲ့ နှစ်မှာလည်း ကရင်နီအမျိုးသားနေ့ကို အကျဉ်းချုံး ကျင်းပခဲ့ကြရတဲ့ ကရင်နီပြည်သူတွေဟာ ဒီနှစ်မှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ သိန်းချီတဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေအတွက် ဝိုင်းဝန်းကြိုးပမ်းဖြေရှင်းနေကြရပါတယ်။ဒါကြောင့် ဒီနှစ်မှာလည်း ၁၄၇ နှစ်​မြောက် ကရင်နီအမျိုးသား​နေ့ အခမ်းအနားကို ကရင်နီပြည် ဒီး​မော့ဆိုမြို့နယ် တစ်​နေရာမှာ အကျဉ်းချုံးသာ ကျင်းပခဲ့ရပါတယ်။

ရာစုနှစ် တစ်ခုကျော်ကြာ ကရင်နီအမျိုးသားနေ့

၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှာ ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် မြန်မာပြည်ဘုရင်ခံကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ ဗြိတိသျှဘုရင်ခံချုပ် ဆာဒေါ့ကလပ်ဖော့ဆပ်တို့ လက်မှတ်ရေးထိုးခဲ့တာကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ပဋိဉာဏ်အတွင်းမှာတော့ “ကရင်နီပြည်နယ်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ စီမံစိုးမိုးအုပ်ချုပ်ခြင်း မပြုလုပ်ရဘဲ သီးခြားလွတ်လပ်တဲ့ အခွင့်အရေး ပေးရန်” သဘောတူချက် ပါရှိခဲ့ပါတယ်။

ဒါပေမယ့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုတွေကြားမှာ ကရင်နီပြည်သူတွေဟာ ရုန်းကန်ခဲ့ကြရပြီး သူတို့ အမျိုးသားနေ့ကို လွတ်လပ်စွာ ကျင်းပခွင့် မရရှိခဲ့ကြပါဘူး။

ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး အခြေအ‌နေတွေကြောင့် ကရင်နီပြည်သူတွေဟာ ထိုင်းနိုင်ငံမှာ စစ်ဘေးရှောင်ဘဝတွေနဲ့ နေထိုင်နေခဲ့ကြရတာ နှစ်ပေါင်း ၄၀ ကျော်အထိ ရှိနေခဲ့ပါပြီ။

လက်ရှိ နွေဦးတော်လှန်ရေးကာလမှာလည်း စစ်ဘေးရှောင်တွေ ထပ်တိုးလာလို့ စစ်ရှောင်စခန်းနှစ်ခုကို နှစ်နိုင်ငံနယ်စပ်အနီးမှာ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောပါတယ်။ “ကျွန်တော်တို့ ကရင်နီပြည်ဟာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ဖိနှိပ်မှုအောက်မှာ နေခဲ့ရတာ။ အခုကျမှ နွေဦးတော်လှန်ရေးကြောင့်မိုလို့ စစ်ကိုင်း၊ မကွေးဘက်မှာ ရွာတွေ၊ ကျေးရွာတွေ မီးရှို့တယ်။ လူတွေ သတ်ဖြတ်တယ်ဆိုတာကို မြန်မာလူထုနဲ့ နိုင်ငံတကာက သိကြပေမယ့် ကျွန်တော်တို့ ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေတောင် မြန်မာလည်း မသိခဲ့ဘူး။ ကမ္ဘာလည်း သိပ်မသိခဲ့ကြတဲ့ ပုံမျိုးတွေ ရှိခဲ့တယ်။

ဥပမာဖြင့် ၉၀ (၁၉၉၀ ခုနှစ်) နောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့ရှားတောမြို့နယ် တစ်ခုတည်းမှာပဲ ကျေးရွာပေါင်း တစ်ရာကျော် ပြောင်းရွှေ့ခံရတာတွေ၊ မီးရှို့ခံရတာတွေ အခုလက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းတွေဆိုတာ အဲဒီပြည်နယ်က စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေလို့ ပြောလို့ရပါတယ်”
စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ကရင်နီပြည်နယ်သူ၊ ပြည်နယ်သားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက ထိုင်းနိုင်ငံဘက်ကို အုံနဲ့ ကျင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတာဟာ အခုချိန်အထိ နေရပ်မပြန်နိုင်ကြတဲ့သူတွေ အများအပြား ရှိနေပါတယ်လို့ ဦးထူးချစ်က ဆက်လက်ပြောပါတယ်။

ပြည်နယ်ရဲ့ ထက်ဝက်ကျော် စစ်ရှောင်ဘဝရောက်နေရ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သိန်းရှစ်သောင်းခြောက်ထောင် (၂၈၆၀၀၀) ကျော် ရှိတဲ့ ကယားပြည်နယ်မှာ ဒေသခံ တစ်သိန်းကျော်ဟာ စစ်ဘေးရှောင်ဘဝနဲ့ ဖြတ်သန်းနေရပါတယ်။ပြီးခဲ့တဲ့နှစ် မေလကတည်းက တိုက်ပွဲတွေနဲ့ ကြုံနေခဲ့ရတဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေ ဖျက်ဆီးခံရတာလည်း အများဆုံး ဖြစ်ခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ လေကြောင်းကနေ ဗုံးကြဲမှုတွေနဲ့ စစ်ကြောင်းတွေရဲ့ မီးရှို့မှုတွေကြောင့် ဘာသာရေးအဆောက်အဦးနဲ့ နေအိမ်တစ်ထောင်ကျော်အထိ ပျက်စီးနေခဲ့ရပြီးဖြစ်တယ်လို့ ကရင်နီအဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရပါတယ်။

“အရင်နှစ် ၅ လပိုင်း ၂၀ ရက်မှာ ညီမတို့ ဒီးမော့ဆိုပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တယ်။ အစပိုင်းကတော့ အနီးနားပတ်ဝန်းကျင် လူတွေပဲ ရှောင်ကြရတယ်ပေါ့နော်။ နောက်ပိုင်းတော့ ဒီစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေဟာ တစ်နေရာတည်းကိုပဲ မဟုတ်ဘဲနဲ့ တစ်မြို့နယ်လုံးကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်တဲ့အတွက်ကြောင့် တစ်မြို့နယ်လုံးမှာ ရှိတဲ့ ပြည်သူတွေက အားလုံး စစ်ဘေးရှောင်နေကြရတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကရင်နီ ဂေဘားမျိုးနွယ်စု အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်က ပြောပါတယ်။

တစ်နှစ်ကျော်အကြာ နေရာတွေ တစ်ခုပြီးတစ်ခု ပြောင်း‌ရွှေ့ စစ်ရှောင်နေကြရတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာမလုံလောက်မှု၊ သောက်သုံးရေ ရှားပါးမှုအပါအဝင် စားဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲမျိုးစုံနဲ့ ကြုံတွေနေကြရတယ်လို့ ယင်းက ဆက်ပြောပါတယ်။

လူမျိုးစုများစွာနဲ့ စုပေါင်းနေထိုင်ကြတဲ့ ကရင်နီပြည်

ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့၊ ရှားတောနဲ့ လွိုင်ကော်စတဲ့ မြို့နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည် ခေါ်ကယားပြည်နယ်မှာ ကရင်နီလူမျိုးစု ၉ မျိုးနဲ့ ရှမ်း၊ ကရင်၊ဗမာလူမျိုးတွေလည်း နေထိုင်ကြပါတယ်။

ကယား၊ ကယန်း(ပေဒေါင်)၊ ကယန်း(လထ)၊ ကယော၊ ယင်းဘော်၊ ယင်းတလဲ၊ ဂေခို၊ ဂေဘား၊ ကယားမိုနု(မနုမနော) စတဲ့ ကရင်နီမျိုးနွယ်စုတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ ကရင်နီအမျိုးသားနေ့ကို အာဏာသိမ်းကာလ နှစ်နှစ်ဆက် အကန့်အသတ်တွေနဲ့သာ ကျင်းပခဲ့ကြရတာပါ။

ကရင်နီပြည်နယ်မှာ လက်ရှိအာဏာသိမ်းကာလအတွင်း တိုက်ပွဲ ၃၀၀ ကျော်အထိ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀၀ ကျော်အထိ သေဆုံးထားပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဇွန်လဆန်းမှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲတွင်း ကျဆုံးမှု၊ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှု၊ လက်နက်ကြီးထိမှန်မှု၊ မိုင်းနင်းမိမှု၊ စစ်ရှောင်ရင်း သေဆုံးမှုတွေကြောင့် တော်လှန်ရေးရဲဘော်တွေနဲ့ ကရင်နီဒေသခံ ၄၀၀ နီးပါးအထိ အသက်ဆုံးရှုံးခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ကို လွတ်လပ်တဲ့ ပြည်နယ်ဖြစ်အောင် နှစ်ကာလရှည်ကြိုးပမ်းနေခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း တိုးတက်ဖြစ်ထွန်းလာတဲ့ ခေတ်စနစ်တွေအရ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက ကရင်နီပြည်ကို ဖက်ဒရယ်ပြည်ထောင်တစ်ခု တည်ထောင်နိုင်ရေး ကြိုးပမ်းနေခဲ့တာပါ။

လက်ရှိမှာလည်း KNPP ရဲ့ ကရင်နီတပ်မတော် (Karenni Army) က စစ်အာဏာရှင်အမြစ်ပြတ်ရေး ကြိုးပမ်းနေကြသလို လူငယ်များစွာနဲ့ ဖွဲ့စည်းထားတဲ့ KNDF အပါအဝင်တော်လှန်ရေးတပ်တွေကလည်း ကရင်နီပြည်လွတ်မြောက်ရေးအတွက် နေရာအနှံ့မှာ တိုက်ပွဲဝင်နေကြပါတယ်။

“ကရင်နီအမျိုးသားလို့ ခံယူထားတဲ့ လူတိုင်းဟာ ကျွန်တော်တို့ ကရင်နီပြည်သူလူထုရဲ့ အခုလက်ရှိပေါ့နော်၊ မတရားညှင်းပန်းနှိပ်စက်ခံနေရတာ၊ သတ်ဖြတ်ခံနေရတာ၊ အဖိနှိပ်ခံနေရတဲ့ ဘဝကို လွတ်မြောက်ဖို့ဆိုတာ ကျွန်တော်တို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတစ်ခုတည်းက လုပ်လို့ မရဘူး။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတစ်ခုတည်းအနေနဲ့လည်း တာဝန်မရှိဘူး။

ကရင်နီလူမျိုးလို့ ခံယူထားတဲ့ အမျိုးသားတိုင်းမှာ တာဝန်ရှိတယ်။ အဲဒီတော ရောက်တဲ့ နေရာကနေ နိုင်ငံရေးတက်ကြွဖို့လိုတယ်။ လက်ရှိဖြစ်ပျက်နေတာကို အမြဲ လေ့လာဖို့လိုတယ်။ ဆန်းစစ်ဖို့ လိုတယ်။ အချင်းချင်းကြားထဲမှာလည်း သွေးစည်းညီညွတ်ဖို့ လိုတယ်” လို့ ကရင်နီပြည်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်သွားကြဖို့လိုအပ်တာကို KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီပြည်ကို သီခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် လက်မှတ်ရေးထိုးခဲ့တာ ရာစုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ဒီကာလအတွင်းမှာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့၊ တန်းတူအခွင့်အရေးတွေ ရရှိဖို့ ကရင်နီပြည်သူတွေ ကြိုးစားခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်းမှာလည်း ခုခံစစ်ကနေတဆင့် ဖယ်ဒရယ် ဒီမိုကရေစီအရေးကို ရဖို့ အင်တိုက်အားတိုက် တွန်းလှန်ခဲ့ကြပါတယ်။ဒီအခြေအနေတွေကို အောင်မြင် ကျော်လွန်ပြီး အနှစ်သာရပြည့်ဝတဲ့ လွတ်လပ်တဲ့ ကရင်နီအမျိုးသားနေ့ကို အမြန်ဆုံး ကျင်းပနိုင်ဖို့ဟာ ဒေသခံအားလုံးရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုအဖြစ် ရှိ‌နေတာပါ။

ဓာတ်ပုံ-KNDF