Local News


သြဂုတ် ၅






TMA

လူဦးရေနဲ့ သန်းခေါင်စာရင်းကောက်နိုင်ရေးအတွက် စစ်ကောင်စီက နိုင်ငံတကာအကြံပေးခေါ်ယူ

သြဂုတ် ၅

လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတကာအကြံပေးပုဂ္ဂိုလ် ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။

အရပ်သားအစိုးရလက်ထက်က ခန့်အပ်ခံထားရတဲ့ နိုင်ငံတကာအကြံပေးများကို ဖမ်းဆီးထိန်းသိမ်းခံရတာတွေရှိနေသည့်အချိန် စစ်ကောင်စီက ယခုအခါမှာ နိုင်ငံတကာအကြံပေးပုဂ္ဂိုလ် အဆိုပြုလွှာခေါ်ယူခြင်းကို သြဂုတ်လ ၄ရက်နေ့ထုတ်သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ မြေပုံရေးဆွဲခြင်းနဲ့ စာရင်းကောက်ကွက်ဖွဲ့စည်းခြင်းလုပ်ငန်းကို Geographic Information System(GIS)နည်းပညာအသုံးပြုကာအကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်သည် လုပ်ငန်းဆောင်ရွက်မယ့် အသေးစိတ်အစီအမံရေးဆွဲပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များပံ့ပိုးခြင်း၊ သင်တန်းပို့ချပေးခြင်းနဲ့ စနစ်တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမယ်လို့ သိရပါတယ်။

အဆိုပါနိုင်ငံတကာအကြံပေးပုဂ္ဂိုလ် ခေါ်ယူခြင်းအား စိတ်ဝင်စားသူများအနေနဲ့ သြဂုတ်လ ၈ရက်နေ့မှ ၁၉ရက်နေ့အထိ လုပ်ငန်းလမ်းညွှန်အား www.dop.gov.mm မှာ ရယူနိုင်ပြီး စက်တင်ဘာလ ၁၉ရက်နေ့နောက်ဆုံးထားကာ အဆိုပြုလွှာတင်သွင်းရမယ်လို့ ဖော်ပြထားတာလည်းဖြစ်ပါတယ်။