စစ်ကောင်စီလက်အောက်ခံ ဦးမင်းဇင်သန့် ဦးဆောင်သော ပြည်သူ့စစ်စခန်း ၂ခု သိမ်းပိုက်ခံရ
11 August 2022 – Kachinwaves
ဖားကန့်မြို့နယ် ရှထူးဇွပ်ကျေးရွာ၌အခြေစိုက်ပြီး ဦးမင်းဇင်သန့် ဦးဆောင်သော ပြည့်သူ့စစ်အဖွဲ့၏ စခန်း ၂ခုကို ယနေ့နံနက် ကေအိုင်အေ တပ်ရင်း ၁၄ က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
၎င်းသိမ်းပိုက်ခံရသည့် စခန်း၂ခုမှာ တနိုင်းမြို့နယ် စံပြကျေးရွာနှင့် ဂိုင်တော်ကျေးရွာတွင် စခန်းချနေထိုင်သော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း နှစ်ခုဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီမှ ၅ နာရီအထိ တိုက်ပွဲဖြစ်ပြီး တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ ရှထူးဇွပ်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ် အမှတ် ၂၉၇ ခလရ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။