စစ်ကောင်စီတွင် ဒေါ်လာမရှိတော့၍ စီးပွားရေးသမားများထံမှ ဒေါ်လာ ခြိမ်း ခြောက်တောင်း၊ မပေးလျှင် အရေးယူမည်ဟု မင်းအောင်လှိုင် အမိန့်ထုတ် ညွှန်ကြား
ဒေါ်လာ ပြတ်လပ်နေ၍ စက်သုံးဆီ လုပ်ငန်းရှင်များ ကိုယ့်အစီအစဉ်ဖြင့် ပြင်ပဈေးကွက်မှ ဒေါ်လာ သန်း ၅၀ ဝယ်ခိုင်းခဲ့ရမှု စီးပွား/ကူးသန်း ဒုဝန်ကြီး ဝန်ခံ
ရန်ကုန်၊ ဩဂုတ် ၁၆
မင်းအောင်လှိုင်၏ အမိန့်အရ ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီကို ဒေါ်လာများ ပေးကြရန်နှင့် အလုပ်ပြန်လုပ်ကြရန်၊ ပူးပေါင်းဆောင် ရွက်မှုမရှိလျှင် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ညွန့်အောင်က လုပ်ငန်းရှင်များကို တရား ဝင် ခေါ်ယူ ပြောဆို ခြိမ်းခြောက်သည်။
ဩဂုတ်လ ၁၅ ရက်နေ့ ရန်ကုန်မြို့ရှိ UMFCCI အဆောက်အအုံတွင် စီးပွား/ကူး သန်းဒုဝန်ကြီး ညွန့်အောင်က စီးပွားရေး လုပ်ငန်းရှင်အားလုံးကို ခေါ်ယူခြိမ်း ခြောက် ခြင်း ဖြစ်ပြီး အဆိုပါ ခေါ်ယူ သတိပေးပြောဆိုပွဲတွင် ဗဟိုဘဏ်နှင့် စစ်ကောင်စီမှ ဗိုလ်ချုပ်များပါတက်ရောက်ခဲ့ကြသည်။
လက်ရှိစစ်ကောင်စီတွင် ပို့ကုန်ရငွေ ဒေါ်လာ အဝင်မရှိကြောင်း၊ လုပ်ငန်းရှင်များ အသင်းအဖွဲ့များအနေဖြင့် ပို့ကုန်ရငွေ ဒေါ်လာကို ပြည်တွင်းသို့ ယူလာရန် လိုအပ်ကြောင်း၊ လက်ရှိတွင်ဒေါ်လာ အဝင်မရှိ၍ လုပ်ငန်းများ အလွန် ခက်ခဲနေ ကြောင်း၊ ပို့ကုန် ရငွေ ဒေါ်လာ ရရှိရေး အလွန်အရေးကြီးနေပြီး အကြိမ် ကြိမ် သတိပေးထားပြီးဖြစ်၍ စစ်ကောင်စီနှင့်မပူးပေါင်းလျှင် အရေးယူ မည်ဖြစ်ကြောင်း ၎င်းက ခြိမ်းခြောက်သည်။
“ကျနော်တို့အနေနဲ့ လမ်းညွှန်ချက်အရ ပို့ကုန်ရငွေက မဝင်လို့မရပါဘူး။ ပြန်ဝင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းအနေနဲ့ လုပ်ပေးသင့် လုပ်ပေးထိုက်တာတွေ အကုန်လုံး လုပ်ပေးပြီးဖြစ်ပါတယ်။ လုပ်ပေးထိုက် လုပ်ပေးသင့်တာတွေ လုပ်ပေးတဲ့အပြင်မှာကို ကျနော်တို့ ခုနက ပြောသလိုအတ္တ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်မယ်ဆိုရင် ပြဿနာတွေက နောက်ပိုင်းတော်တော်ရှင်းရခက်ပါတယ်။ အဲဒီတော့ ပို့ကုန်ရငွေ မဝင်ဘဲနဲ့ ကျနော်တို့အနေနဲ့ အလုပ်တွေ ဆက်လုပ်ဖို့က အခက်အခဲရှိပါတယ်။ ပို့ကုန်ရငွေ ရနေမယ်။
ပုံမှန်လည်း တင်ပို့မယ်၊ ပုံမှန်လည်း တင်သွင်းနေမယ်။ ဒီလို One Circle လည်သွားဖို့လည်း ကျနော်တို့အနေနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အစည်း အဝေးတွေ အကြိမ်ကြိမ်ခေါ်တယ်။ သတင်းစာထဲမှာ အကြိမ်ကြိမ်ကြေညာတယ်။ ပြီးရင် Warning တွေ ပို့ကုန်သွင်းကုန် တွေ ပိတ်တယ်။
ပို့ကုန်ရငွေနဲ့ပတ်သက်ပြီးတော့ ပို့ကုန်ရငွေ ဝင်ဖို့ ကျန်နေတဲ့ ကုမ္ပဏီတွေ၊ သက် ဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ အမြန် ဆော်ဩပေးပါ။ တချို့ဟာတွေက ကာလသတ် မှတ်ချက်ကျော်နေပါပြီ။ မလာဘူးဆိုရင်တော့ ကျနော်တို့အနေနဲ့ စိတ်မကောင်းစွာနဲ့ပဲ အရေယူးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ညွန့်အောင်က ဆိုသည်။
စစ်ကောင်စီအနေဖြင့် စက်သုံးဆီ လုပ်ငန်းရှင်များကို ဒေါ်လာ ရာခိုင်နှုန်းဖြင့်သာ ရောင်းပေးနိုင်၍ ပြင်ပဈေးကွက်မှ ဒေါ်လာ သန်း ၅၀ စက်သုံးဆီလုပ်ငန်းရှင်များ ကိုယ့်အစီအစဉ်ဖြင့် ကိုယ် ဝယ်ယူရသည်ကို ဝန်ခံပါကြောင်း ၎င်းက ဆိုသည်။ “စက်သုံးဆီ မှာလည်း ဘာဖြစ်သွားလဲဆိုတော့ ကျနော်တို့က ရာခိုင်နှုန်းနဲ့ ရောင်း ပေးလိုက်ချိန်မှာ သူ့ဟာသူ Importer က ရှာရမယ့် ဒေါ်လာ သန်း ၅၀ လောက်ဖြစ်သွားတယ်။ အဲဒီအဟကို မူတည်ပြီးတော့ မှ ကျနော်တို့ အဝေးသမားနဲ့ ပေါင်းပြီး (ဒေါ်လာဈေး) ဆွဲတင်သွားတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်” ဟု ဒုဝန်ကြီးက ဆိုသည်။ အမေရိကန်တစ်ဒေါ်လာ ၃၀၀၀ ကျော် တက်သွားခြင်းမှာလည်း မဖြစ်သင့်ဟု ပြော ဆိုပြီး အရေးယူမည်ဟုလည်း ၎င်းက ခြိမ်းခြောက်သည်။
စစ်တပ်ကို ဒေါ်လာမပေးလျှင် ဖမ်းဆီးမည်ဟု ဒုဝန်ကြီး ညွန့်အောင်၏ ခြိမ်းခြောက်မှု အပြည့်အစုံ
“ဒီအစည်းအဝေးမှာ အားလုံးတက်တက်ကြွကြွနဲ့ စိတ်ပါဝင်စားစွာ ဆွေးနွေးပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ကျနော်တို့အနေနဲ့ လမ်းညွှန်ချက်အရ ပို့ကုန်ရငွေက မဝင်လို့မရပါဘူး။ ပြန်ဝင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းအနေနဲ့ လုပ်ပေးသင့် လုပ်ပေးထိုက်တာတွေ အကုန်လုံး လုပ်ပေးပြီးဖြစ်ပါတယ်။
လုပ်ပေးထိုက် လုပ်ပေးသင့်တာတွေ လုပ်ပေးတဲ့အပြင်မှာကို ကျနော်တို့ ခုနက ပြောသလိုအတ္တ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်မယ်ဆိုရင် ပြဿနာတွေက နောက်ပိုင်းတော်တော်ရှင်းရခက်ပါတယ်။ ဒါကြောင့် ရှေ့ပိုင်းမှာ သက် ဆိုင်ရာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌကြီးရော ဗိုလ်ချုပ်ရန်နောင်စိုးတို့ရော ဆွေးနွေးသွားပါတယ်။ ဒါတွေက ကျနော်တို့ အပြင်မှာ ပေါ်လစီအရ တစ်ယောက်တစ်ပေါက် ၀ိုင်းပြောနေကြတာ။ ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလားပေါ့။
ဒါပေမယ့် နိုင်ငံတော်ပိုင်းအနေနဲ့ အားလုံးချင့်ချိန်ပြီးတော့ စဉ်းစားပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီတော့ ပို့ကုန်ရငွေ မဝင်ဘဲနဲ့ ကျနော်တို့အနေနဲ့ အလုပ်တွေ ဆက်လုပ်ဖို့က အခက်အခဲရှိပါတယ်။ ပို့ကုန်ရငွေ ရနေမယ်။ ပုံမှန်လည်း တင်ပို့မယ်၊ ပုံမှန်လည်း တင်သွင်းနေမယ်။ ဒီလို One Circle လည်သွားဖို့လည်း ကျနော်တို့အနေနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ စုန်းပြူးရှိနေမှာဖြစ်ပါတယ်။ စုန်းပြူးတွေနဲ့ပတ်သက်ပြီးတော့ တိတိကျကျနဲ့ လက်ရှိ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေရော အသင်းအဖွဲ့တွေရော။
အဓိက အသင်းအဖွဲ့ရဲ့ အားက တော်တော်လေး အရေးကြီးပါတယ်။ အသင်းအဖွဲ့တွေရဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က Operation မှာ ဝင်ကပြီးတော့ ကျနော်တို့ရဲ့ အဟပေါ့ ပေါ်လစီ အားနည်းချက်တွေ ပေါ်လစီ အဟတွေပေါ်မှာ မူတည်ပြီး ဒီလိုမျိုးဆောင်ရွက်မယ်ဆိုရင် မသင့်တော်ပါဘူး။ ခံယူချက် အတွေးအခေါ်ကမှစပြီး ပြောင်းလဲပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းပေးပါ။ ပူးပေါင်းပြီးတော့မှ ပို့ကုန်ရငွေတွေ မဖြစ်မနေ ဝင်ရောက်ပေးဖို့ အထူးမေတ္တာ ရပ်ခံလိုပါတယ်။ အဲဒီတော့ ဒီဟာတော့ By law အရဆိုရင်တော့ ကျနော်တို့ရှေ့မှာ ဆွေးနွေးသွားသလိုပဲ ဥပဒေအရ အရေးယူလို့ရတယ်။
အချင်းချင်းတွေ ပို့ကုန်ဝင်ငွေ တိုးမြှင့်ရေးအတွက် တိုင်းပြည် ဝင်ငွေရဖို့ကော အခွန် ပြည့်ပြည့်၀၀ ရရှိရေးအတွက် တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် လုပ်လည်းမလုပ်လိုပါဘူး။ လုပ်ဖို့လည်း မသင့်တော်ဘူးလို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်မို့လို့ အစည်းအဝေးတွေ အကြိမ်ကြိမ်ခေါ်တယ်။
သတင်းစာထဲမှာ အကြိမ်ကြိမ်ကြေညာတယ်။ ပြီးရင် Warning တွေ ပလကတွေ ပိတ်တယ်။ သို့သော်လည်း ခုနက ပြောသလို နာမည်ခံ ပြီးလုပ်သွားတဲ့အဖွဲ့ကတော့ ချက်ချင်း ပို့ကုန်ရငွေ ရအောင် မစွမ်းဆောင်နိုင်ဘဲနဲ့ သူက နဂိုမူလကတည်းက ကုမ္ပဏီကို လွယ်လွယ်ကူကူ ဆောင်ရွက်ပြီးတော့ နာမည်ခံပြီးတော့ ဆောင်ရွက်ပေးခဲ့တာ ဖြစ်တဲ့အတွက် ကြောင့် နာမည်ခံက ရပြီးသွားပြီ။ ဒီအတွက်ကြောင့် ပို့ကုန်ရငွေ ဝင်ခြင်း မဝင်ခြင်း စိတ်မဝင်စားဘူး။ အဲဒီလိုလူမျိုးကျတော့လည်း စိတ်မကောင်းစွာနဲ့ အရေးယူဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောလိုပါတယ်။
နောက်တစ်ချက်ကတော့ ခုနက ၀ိုင်းဝန်းဆွေးနွေးတဲ့အထဲမှာ ငွေစာရင်း ကိစ္စနဲပတ်သက်ပြီးတော့ ငွေဈေးကတော့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောတဲ့ Speculate လုပ်တာကြီးက ပေါ်လွင်ပါတယ်။ အဲဒီတော့ ကျန်တဲ့ရက်လုပ်ရင်တောင် မပြောလိုပါဘူး။မနေ့က စနေ၊ တနင်္ဂနွေမှာကို ဒေါ်လာကို ၃၀၀၀ ကျော်ကြီး ဆွဲတင်သွားတာကတော့ လူကြားလို့လည်း မကောင်းပါဘူး။
ဒါတွေက ဖော်ထုတ်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူရမှာပါ။ အဲဒီတော့ ဘယ်လောက်အရောင်းအဝယ် ဖြစ်လို့ ဖြစ်မှန်းလဲမသိ။ အချင်းချင်း လေနဲ့ပေါ့နော်။ ပြီးတော့ အွန်လိုင်းမှာ တင်လိုက်တယ်။ ဒီနေ့ ဘယ်လောက်ဖြစ်ပါပြီပေါ့။ အမှန်တော့ တစ်ဒေါ်လာ အရောင်းအဝယ်ဖြစ်တာလား၊ ဒေါ်လာ ၁၀၀ အရောင်းအဝယ်ဖြစ်တာလား။ ဒေါ်လာ တစ်သောင်း အရောင်းအဝယ်ဖြစ်တာလား ဘာမှ မရှိပါဘူး အချင်းချင်းကိုပဲ။
သို့သော်လည်း ကျနော်တို့ရဲ့ Sector ကြီးတစ်ခုလုံးက Speculate လုပ်လိုက်တဲ့ ပါးစပ်က ထွက်တဲ့ လေပတ်ကားကို လိုက်နာ ဆောင်ရွက်သွားတာကိုတော့ ကျနော်တို့ အံ့ဩဖွယ်ရာတွေ့ရပါတယ်။ အဲဒါကြောင့် မဖြစ်သင့် မဖြစ်တာ ဖြစ်တဲ့ လေပတ်ကားကိုတော့ ဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဘဏ်တွေကိုလည်း စောင့်ကြည့်ပြီးတော့ သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင် ရှေ့မှာ ကျနော်တို့ သာဓက တွေမှာ တချို့အရောင်းအဝယ်တွေမှာ ဘဏ်တွေကိုယ်တိုင်ပါနေတာလည်း တွေ့ရှိရပါတယ်။ ကျနော်တို့ဆီကို သတင်းတွေပေးတာရှိပါတယ်။ ဘဏ်တွေက ဘဏ်ကာ ပိုင်ရှင်တွေအနေနဲ့ မသိပေမယ့် ဘဏ်မန်နေဂျာတွေနဲ့ သူရဲ့ အကောင့်ထဲမှာရှိတဲ့ Exporter အကောင့်နဲ့ Importer ရဲ့ လိုအပ်ချက်တွေကို ညှိနှိုင်းပြီးတော့ အပြင်မှာ Appointment Banking လုပ်ပြီး ဆောင်ရွက်သွားတာလေးတွေ တင်ပြတာလည်းရှိပါတယ်။
ဒါမျိုးတွေဆိုရင် တော့ မတက်သင့်ဘဲ တက်သွားတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ စက်သုံးဆီ မှာလည်း ဘာဖြစ်သွားလဲဆိုတော့ ကျနော်တို့က ရာခိုင်နှုန်းနဲ့ ရောင်းပေးလိုက်ချိန်မှာ သူ့ဟာသူ Importer က ရှာရမယ့် ဒေါ်လာ သန်း ၅၀ လောက်ဖြစ်သွားတယ်။ အဲဒီအဟကို မူတည်ပြီးတော့ မှ ကျနော်တို့ အဝေးသမားနဲ့ ပေါင်းပြီး ဆွဲတင်သွားတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်။ ဒီအတွက်ကြောင့် ဘဏ်တွေရော အိတ်စပို့တာရော အင်ပို့တာလည်း ဘယ်သူ့ဆီက ဝယ်လဲဆိုတာ စစ်လိုက်ရင် ပေါ်ပါတယ်။
ဘယ်သူရောင်းတယ်ဆိုတာလည်းပေါ်ပါတယ်။ ဘယ်သူမရောင်းဘူးဆိုတာလည်း ပေါ်ပါတယ်။ ရောင်းစယ်တာကတော့ စစ်ရင် ပေါ်ပါတယ်။ အခုဟာက စီးပွားရေး လောကကြီးကို ကမောက်က ဖြစ်အောင် လုပ်တာ။ ထုတ်လိုက်တဲ့ ပေါ်လစီကို ပြောင်းပြန်ဖြစ်အောင်လုပ်တဲ့ ညှိနှိုင်းပြီးတော့ လုပ်တာဖြစ်လို့ ဒါကို လက်မခံပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ ရွှေနဲ့ငွေဈေး ကြီးကြပ်မှုကော်မတီ စောင့်ကြပ်ရေး ကော်မတီရှိပါတယ်။ ဒီအပေါ်မှာ ဆွေးနွေးပြီးတော့ ဘယ်လိုအရေးယူမလဲဆိုတာကို ဆက်လက် ဖော်ထုတ်သွားပါ့မယ်။
ပို့ကုန်ရငွေနဲ့ပတ်သက်ပြီးတော့ ပို့ကုန်ရငွေ ဝင်ဖို့ ကျန်နေတဲ့ ကုမ္ပဏီတွေ၊ သက်ဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ ကျနော် အမြန် ဆော်ဩပေးပါ။ တချို့ဟာတွေက ကာလသတ်မှတ်ချက်ကျော်နေပါပြီ။ မလာဘူးဆိုရင်တော့ ကျနော်တို့အနေနဲ့ စိတ်မကောင်းစွာနဲ့ပဲ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။”