Local News
သစ်ဆန်းနိုင်သတိမပြတ် ရှောင်ရှားကြရမယ့် ဆိုက်ဝါး (OPINION)
သစ်ဆန်းနိုင်
သတိမပြတ် ရှောင်ရှားကြရမယ့် ဆိုက်ဝါး (OPINION)
စစ်ကို လက်နက်ခဲယမ်းနဲ့သာ တိုက်ကြတာ မဟုတ်ပါဘူး။ စိတ်နဲ့လည်း တိုက်ကြရတာပါ။ စိတ်ဓာတ်စစ်ဆင်ရေး (Psycho-War) အားကောင်းရင် အားကောင်းသလို လူသူ လက်နက်ခဲယမ်း များစွာမသုံးရဘဲ အနိုင်ရသွားတဲ့ စစ်ပွဲတွေ ရှိခဲ့ဖူးပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပတ်သက်ရင် သမိုင်းမှတ်တမ်းမှတ်ရာထဲမှာ အစောဆုံးနဲ့ အထင်ရှားဆုံးက ရာဇဂြိုဟ်နဲ့ ဝေသာလီ စစ်ပွဲဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်က တည်ရှိခဲ့တဲ့ ဝေသာလီပြည်ဟာ အစောဆုံးသော ဒီမိုကရေစီနိုင်ငံလို့ ပြောရမှာပါ။ အလှည့်ကျ ရွေးကောက်ခံစနစ်နဲ့ အုပ်ချုပ်ပါတယ်။ လိစ္ဆဝီမင်းသားတွေ ညှိနှိုင်းတိုင်ပင်ပြီး အုပ်ချုပ်တဲ့အတွက် တရားမျှတမှု ဖြစ်ထွန်းပြီး သာယာဝပြောတဲ့ တိုင်းပြည်တစ်ခုဖြစ်တယ်လို့ သမိုင်းက ပြဆိုပါတယ်။ ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်ကလည်း လိစ္ဆဝီမင်းသားတို့ရဲ့ စည်းလုံးမှုကို ချီးကျူးပြီး ညီညွတ်စွာဖြင့် တိုင်ပင်ဆွေးနွေး အုပ်ချုပ်နေသမျှကာလပတ်လုံး မည်သည့်တိုင်းနိုင်ငံကမျှ ဝေသာလီကို ဖျက်ဆီးနိုင်မည်မဟုတ်လို့ မှတ်ချက်ပေးစကားမြွတ်ကြားခဲ့တယ်လို့လည်း စာပေကျမ်းဂန်တွေမှာ ပါရှိပါတယ်။
ဒါပေမဲ့ အခြားတိုင်းနိုင်ငံတွေ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ပေမယ့် မကျဆုံးခဲ့တဲ့ ဝေသာလီပြည်ဟာ အိမ်နီးချင်း ပဒေသရာဇ်နိုင်ငံ ရာဇဂြိုဟ်တိုင်းပြည်ကြောင့် တိုင်းပြည်ပျက်ခဲ့ရပါတယ်။ ဘာ့ကြောင့်ပါလဲ။ လိစ္ဆဝီမင်းသားတို့ရဲ့ စုစည်းညီညွတ်မှုကို စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဖြိုခွဲခဲ့လို့ပါပဲ။ ရာဇဂြိုလ်မင်း အဇာတသတ် စေလွှတ်လိုက်တဲ့ သူလျှို ဝဿကာရအမတ်က လိစ္ဆဝီမင်းတွေကို ချဉ်းကပ်ပြီး တစ်ဦးနဲ့ တစ်ဦး အမြင်မကြည်လင်အောင် သပ်လျို သွေးခွဲပြီး ညီညွတ်ချင်း ပျက်ပြားအောင် ပြုလုပ်ပြီး အလွယ်တကူ သိမ်းပိုက်ခဲ့တာပါ။ ဒါဟာ စစ်ရေး၊ နိုင်ငံရေးမှာ လူသူလက်နက်အင်အားထက် စိတ်ဓာတ်ရေးရာက ပိုအခရာကျတယ်ဆိုတဲ့ သာဓကတစ်ခုပါပဲ။
စစ်လက်နက်ခဲယမ်း ယာဉ်ရထားတွေ ဘယ်လိုပဲ အများအပြား ရှိရှိ ၊ စိတ်ဓာတ်စစ်ဆင်ရေးကို လျစ်လျူရှုထားလို့မရဘူးဆိုတာ စစ်တပ်တိုင်း နားလည်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်မှာလည်း စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးတပ်ဆိုပြီးတော့ကို ဖွဲ့စည်းထားတာပါ။ မြန်မာတွေရဲ့ သဘောကို သိထားပြီးဖြစ်တဲ့ မြန်မာစစ်တပ်ဟာ စိတ်ဓာတ်စစ်ဆင်ရေးကို ပိုင်နိုင်တယ်လို့ ပြောရမှာပါပဲ။ အကြိမ်ကြိမ်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဆက်သွယ်ရေး နည်းပညာ နိမ့်ပါးနေတဲ့ ကာလတွေမှာ မြန်မာစစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးက ပိုလို့ အလုပ်ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီရောက်သွားတဲ့ ကျောင်းသားတွေရဲ့ ပုံရိပ်ကို ချဖို့နဲ့ ပြည်တွင်းရှိ ကျောင်းသားတွေ ထပ်မထွက်စေဖို့ “ပါပီမ” ဇာတ်ကားရိုက်ကူးပြသတာ၊ အဖေနဲ့ သားများ ဇာတ်ကား မကြာမခဏ လွှင့်တာတွေဟာ စိတ်ဓာတ်စစ်ဆင်ရေးပါပဲ။
ဒီလိုရုပ်သံဇာတ်လမ်းတွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာကို အသိ၊ သတိရှိသူတွေက ဆိုက်ဝါးလုပ်နေမှန်း သိနားလည်ကြပေမယ့် တချို့ ဆိုက်ဝါးတွေက ဆိုက်ဝါးမှန်း မသိသာအောင်ကို ရိုက်သွင်းသွားတာတွေလည်း ရှိပါတယ်။ ၂၀၀၃ ခုနှစ်၊ မေလအတွင်း ဒီပဲယင်းအရေးအခင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မအောင်မြင်တဲ့ လုပ်ကြံမှုအပြီးမှာ မျိုးကျော့မြိုင်နဲ့ ထွန်းအိန္ဒြာဗိုလ် ဖုန်းပြောတဲ့ အသံဖိုင် ပေါက်ထွက်တယ်ဆိုတဲ့သတင်း ပျံ့နှံ့ခဲ့ပြီး ဒီအသံဖိုင် မကြားဖူးရင်ပဲ ခေတ်မမီတော့သူတစ်ယောက် ဖြစ်နေသလို ခံစားရအောင် ဆိုက်ဝါးရိုက်ထည့်ခဲ့ဖူးပါတယ်။
သူတို့ရရှိထားတဲ့ ဒီအသံဖိုင်ကို လူထုကြားပျံ့သွားအောင် လုပ်တာဟာ စစ်ထောက်လှမ်းရေးတွေ လုပ်ခဲ့တာပါလို့ ၂၀၀၄ ခုနှစ်မှာ တပ်ဖွဲ့ဖျက်သိမ်းခြင်းခံရတဲ့ စစ်ထောက်လှမ်းရေးဟောင်းတစ်ယောက်က စာရေးသူကို ဖွင့်ဟပြောဆိုဖူးပါတယ်။ ဒီပဲယင်းအရေးအခင်းအပေါ် ကျရောက်နေတဲ့ လူထုရဲ့ အာရုံကို အဖြစ်မှန်တစ်ခုကို ကိုင်စွဲပြီး လွှဲပြောင်းသွားတာပါ။ ဆိုက်ဝါးဖြန့်ချိပေးမယ့်သူတွေကိုတော့ ချဲဒိုင်၊ နှစ်လုံးဒိုင်၊ ပြည့်တန်ဆာနဲ့ မူးယစ်ဆေးရောင်းချသူတွေအပြင် လမ်းဘေးကျူးကျော် ဈေးရောင်းသူတွေကိုပါ စစ်ထောက်လှမ်းရေးတွေက အသုံးပြုလေ့ရှိပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို သွားရောက် မဲမပေးခြင်းအားဖြင့် သပိတ်မှောက်ခဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ မဲဆန္ဒရှင် ၉၃ ရာခိုင်နှုန်းကျော် ထောက်ခံတယ်ဆိုပြီး အဓမ္မအတည်ပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လူထုရဲ့ အာရုံတွေ ဒီကိစ္စဘက်မလှည့်နိုင်အောင် ဗုံးတစ်လုံး ပစ်သွင်းလိုက်ပါတော့တယ်။ လက်ဖက်နဲ့ လက်ဖက်ခြောက်တွေမှာ ကင်ဆာဖြစ်စေမယ့်အဝါရောင်ဆိုးဆေးတွေ ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာန FDA ကလည်း တွေ့တယ်၊
အတည်ပြုပေးထားတယ်ဆိုတဲ့ ဗုံးပါ။ ရွေးလိုက်တဲ့ ဆိုက်ဝါးဗုံးက တော်တော်ဌာန်ကရိုဏ်းကျပါတယ်။ ဘယ်တိုင်းရင်းသားနဲ့မှ လွတ်ကင်းလို့မရတဲ့ မြန်မာ့ရိုးရာ လက်ဖက်နဲ့ လက်ဖက်ခြောက်ပါ။ နိုင်ငံရေးထက် ကိုယ့်ကျန်းမာရေးက အဓိကကျတယ်ဆိုတဲ့ အတ္တစိတ်ကို ထိမှန်အောင် ခွင်းလိုက်တဲ့ဗုံးပါ။ အဝါရောင်ဆိုးဆေးပါ၊ မပါ ဘယ်လို ဆန်းစစ် ဝယ်ရမလဲဆိုတဲ့ နည်းဗျူဟာ ရှာကြရတာကိုက မြန်မာတွေအတွက် ကြီးစွာသော တာဝန်ကြီးပါ။ မွေးကတည်းက ဝါးခွံ့ခံထားရတဲ့ လက်ဖက်၊ ဖြတ်လည်း မဖြတ်နိုင်ကြ ဖြစ်နေတာကိုး။ ဒါနဲ့ပဲ ဖွဲ့စည်းပုံအရေး မေ့ပျောက်၊ လက်ဖက်အရေးက ထိပ်တန်းရောက်သွားတာပါပဲ။
ဒီလိုပဲ ပဲပြားတွေထဲ ဖော်မလင်ပါတယ်၊ ငပိထဲ မြေဩဇာပါတယ်၊ FDA ကလည်း အတည်ပြုပေးတယ်ဆိုတဲ့ သတင်းတွေက ရံဖန်ရံခါ Hot News အဖြစ် တက်လာတတ်ပါတယ်။ မြန်မာအစားအသောက်တွေထဲမှာ ဆိုးဆေးမပါဘူး၊ ဖော်မလင်မပါဘူး ကောလာဟလသက်သက်ပါလို့ ဘူးခံငြင်းလို့တော့ မရပါဘူး။ အမှန်တကယ်လည်း ပါတာတွေမှာ ပါမှာပါ။ ဒါပေမဲ့ ဌာနပေါင်းစုံထဲ ရောက်နေတဲ့ မိုးကျရွှေကိုယ်တွေဟာ FDA ဌာနမှာလည်း ရှိနေတာမို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာချိန်မှ ထထပြီး ရှာဖွေတွေ့ရှိနေကြတာကို နိုင်ငံရေး သေချာစောင့်ကြည့်ရင် သတိပြုမိကြပါလိမ့်မယ်။ ကျန်တဲ့အချိန် ဈေးထဲ ဘာရောင်းနေနေ FDA က အငိုက်မပျက်ပါဘူး။ နိုင်ငံရေးမတည်မငြိမ်ဟန် ရှိလာရင်တော့ FDA က မိုးကျရွှေကိုယ်တွေဟာ ဈေးတွေထဲထိ ဝင်စစ်၊ ထုတ်ပြန်ချက်တွေ ထိုင်ထုတ်တော့တာပါပဲ။ ပြီးသွားရင် ‌ဘယ်အစားအသောက် ဘာပါနေနေ ပြန်လှည့်မကြည့်ပြန်တော့ပါဘူး။
ဒါတွေကတော့ အဆင့်မြင့်ဆိုက်ဝါးတွေလို့ ပြောရမှာပါပဲ။ အခုလည်း အဆင့်မြင့် ဆိုက်ဝါးတစ်ခု ထွက်လာပြန်ပါပြီ။ မြန်မာနိုင်ငံက ပါတီတွေကို နိုင်ငံခြားသံတမန်တွေ၊ အဖွဲ့အစည်းတွေနဲ့ လွတ်လပ်စွာ တွေ့ခွင့်မပြုဘူး၊ တွေ့ချင်ရင် စာကြိုတင်လို့ မအလရဲ့ ရွေးကော်က ထုတ်ပြန်ပါသတဲ့။ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ တခြားပါတီတွေက CEC တွေ ဝေဖန်ကြ၊ ကန့်ကွက်ကြနဲ့ သူတို့ရပ်ကွက်ထဲ သောသောညံနေတာပါပဲ။ ရွေးကောက်ပွဲစနစ်က ဘယ်လိုဖြစ်မယ်၊ လွှတ်တော်အခင်းအကျင်းက ဘယ်လိုပေါ်လာမယ်ဆိုတာ မသိရသေး၊ ကိုယ့်ပါတီက ရွေးကောက်ပွဲ ဝင်၊ မဝင် မဆုံးဖြတ်ရသေးမီမှာ မအလရဲ့ ရွေးကော်က တစ်ချက်ကောက်ကြပ်လိုက်တာနဲ့ အသံတွေက ထွက်လာတော့တာပဲ။ နိုင်ငံရေးပါးနပ်မှုရှိတယ်လို့ မှန်းဆရတဲ့ ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးတောင် စစ်အုပ်စုက ထုတ်လွှတ်တဲ့ ဆိုက်ဝါးကို ပုံပေါ်အောင် ပို့ပေးရတဲ့ ဇာတ်ပို့ဖြစ်နေတာ တွေ့ရပါတယ်။
စစ်အုပ်စုကတော့ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲမတိုင်မီ စိတ်ဓာတ်စစ်ဆင်ရေး (Psycho-War) မျိုးစုံနဲ့ တော်လှန်ရေးအင်အားစုတွေထဲ ပစ်ခွင်းတော့မှာပါ။ အဓိကအကြောင်းအရာတွေကို မေ့လျော့ပြီး သာမညတွေကို ဝေဖန်ရင်း၊ ကန့်ကွက်ရင်းနဲ့ အချိန်တွေ ပြုန်းတီးသွားအောင် ဖန်တီးလာကြပါလိမ့်မယ်။ တော်လှန်ရေးအင်အားစုနဲ့ ပြည်သူတွေအကြား သပ်လျှို သွေးခွဲဆိုက်ဝါးတွေလည်း အဆက်မပြတ် ပစ်လွှတ်လာမှာ သေချာပါတယ်။ ဒီကာလမှာ ပြည်သူလုထုနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဝင်ရောက်လာမယ့် ဆိုက်ဝါးတွေကို အလေးဂရုမပြုဘဲ စစ်အာဏာရှင်တစ်သိုက် အမြန်ပြုတ်ကျရေးဆိုတဲ့ တစ်ကြောင်းတည်းသောစိတ်ကို ခိုင်ခိုင်မာ တည်ဆောက်ထားသင့်ပါကြောင်း စေတနာလောင်းလို့ နှိုးဆော်လိုက်ပါရစေ။
သစ်ဆန်းနိုင်