Local News

မိုင္တိုင္(၄၀) စခန္းက်သြားမႈအေပၚ အခဲမေက်သည့္စစ္ေကာင္စီ ေလယာဥ္ျဖင့္လာပစ္

မိုင္တိုင္(၄၀) စခန္းက်သြားမႈအေပၚ အခဲမေက်သည့္စစ္ေကာင္စီ ေလယာဥ္ျဖင့္လာပစ္

နိရၪၥရာ၊ စက္တင္ဘာလ ၁/၂၀၂၂

ရခိုင္-ဘဂၤလားနယ္စပ္၊ မိုင္တိုင္ (၄၀) နယ္ျခားေစာင့္တပ္စခန္းအား ရကၡိဳင့္တပ္ေတာ္(AA) က သိမ္းယူလိုက္သည့္ အေပၚ အခဲမေက် ျဖစ္ေနသည့္ စစ္ေကာင္စီသည္ ယေန႔ ေန႔လယ္က ဂ်က္တိုက္ေလယာဥ္ျဖင့္ ၎စခန္း အနီးဝန္းက်င္ကို ဆက္လက္ လာေရာက္ ပစ္ခတ္ခဲ့သည္ဟု သတင္းရရွိသည္။

“အခု ဂ်က္ဖိုက္တာ ၂ စီးနဲ႔လာပစ္ခဲ့တာပါ။ မိုင္တိုင္ ၄၀ နဲ႔ ၄၁ အနီးဝန္းက်င္ကို လာပစ္တာပါ။ မေန႔က အက်အဆုံးမ်ားလို႔ထင္တယ္။ ဒီေန႔ ဘာတိုက္ပြဲမွ မရွိေတာ့ပါဘူး။ အခဲမေက်တဲ့ သေဘာနဲ႔ စစ္ေကာင္စီက လာပစ္ေနတာပါ”ဟု ေျပာသည္။

ယေန႔ စက္တင္ဘာလ ၁ ရက္ေန႔ ေန႔လယ္ ၁ နာရီေက်ာ္အခ်ိန္တြင္ စစ္ေကာင္စီ၏ ဂ်က္ဖိုက္တာ ၂ စီးက နယ္စပ္ တေလွ်ာက္ ပ်ံဝဲကာ ပစ္ခတ္ခဲ့သည္ကို ျမင္ရေၾကာင္း ၎ေဒသခံက ေျပာသည္။

ယမန္ေန႔ ဩဂုတ္ ၃၁ ရက္ကလည္း မိုင္တိုင္ အမွတ္ (၄၀) တပ္စခန္းက်သြားၿပီးေနာက္ စစ္ေကာင္စီက ေလယာဥ္မ်ားျဖင့္ အႀကိမ္ေပါင္းမ်ားစြာ မိနစ္ ၂၀ ေက်ာ္ခန႔္ ပစ္ခတ္ခဲ့မႈမ်ား ျပဳလုပ္ခဲ့ၿပီး ယေန႔တြင္ ဆက္လက္ ပစ္ခတ္မႈမ်ားျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း ေနာက္ထပ္ေဒသခံတစ္ဦးက ေျပာသည္။

“စစ္ေလယာဥ္ ၂ စီးနဲ႔ ဝဲပတ္ကာ ေမႊ႕ယမ္းပစ္ေနတာ။ ဘယ္ႏွစ္လုံးေတာင္ပစ္လဲ မေျပာျပတက္ေတာ့ဘူး။ တစ္ခါပစ္ရင္ ႏွစ္လုံးတြဲ။ မေန႔က စခန္းသိမ္းခံရတဲ့ေနရာ အနီးအနား ေတြကိုေလ။ အဲ့ဒီဘက္မွာ AA ရွိတယ္ထင္ၿပီး လာပစ္တာထင္ပါတယ္။ ေအေအကလည္း ဒီေလာက္မလည္ဘဲ စစ္တိုက္ပါ့မလား။ သူတို႔လာပစ္ေနေပမယ့္ ေအေအရွိတယ္လို႔ေတာ့ အသံမၾကားေတာ့ဘူး” ဟု ေျပာသည္။

ယမန္ေန႔ ၾသဂုတ္ ၃၁ ရက္ေန႔ နံနက္ (၉) နာရီ (၁၂) မိနစ္တြင္ စစ္ေကာင္စီ၏ မိုင္တိုင္အမွတ္ (၄၀) အနီးရွိ အထိုင္ခ် အခိုင္အမာ စခန္းအား လက္တုံ႔ျပန္သည့္အေနျဖင့္ ရကၡိဳင့္တပ္ေတာ္ (AA)မွ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ၿပီး စခန္းတစ္ခုလုံးအား အၿပီးသတ္သိမ္းပိုက္ ရယူႏိုင္ခဲ့ေၾကာင္း AA က သတင္းထုတ္ျပန္ခဲ့သည္။

မိုင္တိုင္အမွတ္(၄၀) တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဖြဲဝင္မ်ားထဲမွ ျပင္းထန္ဒဏ္ရာရရွိၿပီး ေလာေလာဆယ္ အသက္မေသေသးေသာ ဒုတပ္ၾကပ္ သက္ကိုဦး တစ္ေယာက္မွလြဲ၍ “ရဲအုပ္ စိုးစိုးပိုင္” အပါအဝင္ စုစုေပါင္း (၁၉) ေယာက္ေသဆုံးခဲ့ၿပီး လက္နက္ ခဲယမ္း၊ စစ္အသုံးအေဆာင္ပစၥည္း အေျမာက္အျမားကို AAက သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယခင္ရက္မ်ားအတြင္း၌ အဆိုပါစခန္းအတြင္းမွ ေသဆုံးသူမ်ားအား စခန္းအတြင္းျမႇဳပ္ႏွံထားေသာ အေလာင္းအေျမာက္အျမားကိုလည္းေတြ႕ရွိခဲ့ရၿပီး ရကၡိဳင့္တပ္ေတာ္ (AA) ဘက္ကလည္း အဆိုပါစခန္းသိမ္းတိုက္ပြဲအတြင္း အထိအခိုက္၊ အက်အဆုံး တခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။ (NN-7)

မိုင်တိုင်(၄၀) စခန်းကျသွားမှုအပေါ် အခဲမကျေသည့်စစ်ကောင်စီ လေယာဉ်ဖြင့်လာပစ်

နိရဥ္စရာ၊ စက်တင်ဘာလ ၁/၂၀၂၂

ရခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင် (၄၀) နယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်(AA) က သိမ်းယူလိုက်သည့် အပေါ် အခဲမကျေ ဖြစ်နေသည့် စစ်ကောင်စီသည် ယနေ့ နေ့လယ်က ဂျက်တိုက်လေယာဉ်ဖြင့် ၎င်းစခန်း အနီးဝန်းကျင်ကို ဆက်လက် လာရောက် ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

“အခု ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်ခဲ့တာပါ။ မိုင်တိုင် ၄၀ နဲ့ ၄၁ အနီးဝန်းကျင်ကို လာပစ်တာပါ။ မနေ့က အကျအဆုံးများလို့ထင်တယ်။ ဒီနေ့ ဘာတိုက်ပွဲမှ မရှိတော့ပါဘူး။ အခဲမကျေတဲ့ သဘောနဲ့ စစ်ကောင်စီက လာပစ်နေတာပါ”ဟု ပြောသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၂ စီးက နယ်စပ် တလျှောက် ပျံဝဲကာ ပစ်ခတ်ခဲ့သည်ကို မြင်ရကြောင်း ၎င်းဒေသခံက ပြောသည်။

ယမန်နေ့ ဩဂုတ် ၃၁ ရက်ကလည်း မိုင်တိုင် အမှတ် (၄၀) တပ်စခန်းကျသွားပြီးနောက် စစ်ကောင်စီက လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ မိနစ် ၂၀ ကျော်ခန့် ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ဆက်လက် ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“စစ်လေယာဉ် ၂ စီးနဲ့ ဝဲပတ်ကာ မွှေ့ယမ်းပစ်နေတာ။ ဘယ်နှစ်လုံးတောင်ပစ်လဲ မပြောပြတက်တော့ဘူး။ တစ်ခါပစ်ရင် နှစ်လုံးတွဲ။ မနေ့က စခန်းသိမ်းခံရတဲ့နေရာ အနီးအနား တွေကိုလေ။ အဲ့ဒီဘက်မှာ AA ရှိတယ်ထင်ပြီး လာပစ်တာထင်ပါတယ်။ အေအေကလည်း ဒီလောက်မလည်ဘဲ စစ်တိုက်ပါ့မလား။ သူတို့လာပစ်နေပေမယ့် အေအေရှိတယ်လို့တော့ အသံမကြားတော့ဘူး” ဟု ပြောသည်။

ယမန်နေ့ သြဂုတ် ၃၁ ရက်နေ့ နံနက် (၉) နာရီ (၁၂) မိနစ်တွင် စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အထိုင်ချ အခိုင်အမာ စခန်းအား လက်တုံ့ပြန်သည့်အနေဖြင့် ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို AAက သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်ရက်များအတွင်း၌ အဆိုပါစခန်းအတွင်းမှ သေဆုံးသူများအား စခန်းအတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိခဲ့ရပြီး ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့ကြောင်း သိရသည်။ (NN-7)