Local News

ဖားကန့် ဂီတပွဲ ဗုံးကျဲခဲ့တဲ့ အဓိက လက်သည်တရားခံ စစ်ကောင်စီ လေယာဉ်မှူး

MFP ၊ အောက်တိုဘာ – ၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေမှာ ကချင် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ – KIO ဖွဲ့စည်းခြင်း နှစ်ပတ်လည် အကြိုအဖြစ် ညပိုင်း ဂီတပွဲ ကျင်းပနေချိန် စစ်အုပ်စုက (MIG-29) တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ ဂီတပွဲက အနုပညာရှင်တွေ၊ ပြည်သူတွေ ရာဂဏန်း သေဆုံးထိခိုက်ခဲ့တယ်လို့ ကချင်သတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာ (၂၃)ရက်၊ ည(၈)နာရီ (၄၀)မိနစ်က ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေ အနန်ပါဒေသက ဂီတပွဲ ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကျဲခဲ့တာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဖားကန့်ဒေသ ဂီတပွဲကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ဖို့ မန္တလေးမြို့၊ တံတားဦး လေဆိပ်ကနေ ည(၈)နာရီဝန်းကျင်မှာ တိုက်လေယာဉ်တွေ ပျံတက်သွားတာ ဖြစ်ပြီး ည(၈)နာရီ(၁၀)မိနစ်မှာ သပိတ်ကျင်းမြို့နယ်ထဲက ဖြတ်ကာ မြောက်ဘက်ကို ဦးတည်ပျံသန်းသွားတဲ့ လေယာဉ် သုံးစီး တွေ့ခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

KIA နယ်မြေမှာ ကျင်းပနေတဲ့ ဂီတပွဲကို (MIG-29) တိုက်လေယာဉ် သုံးစီးနဲ့ Night Flight Misson အဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အမျိုးအစား မသိရသေးတဲ့ Guided Missle တွေ အသုံးပြုခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ ဖားကန့်က ဂီတပွဲကို ဗုံးကြဲပြီး တစ်ချိန်တည်းမှာပဲ ဗန်းမော်မြို့နယ် မြို့သစ်မြို့နှင့် မိုးမောက်ဘက်က KIA အထိုင်စခန်းကုန်းတွေကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီတွေက ဖော်ပြထားပါသေးတယ်။

မြန်မာစစ်တပ်ရဲ့ လေတပ် အတွင်းသတင်းတွေကို ဖွင့်ချနေတဲ့ Operation Spitfire ရဲ့ ထုတ်ပြန်ချက်တွေအရ ဖားကန့်က ဂီတပွဲကို တိုက်ခိုက်ခဲ့တယ်လို့ ယူဆရတဲ့ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ လေယာဉ်မှူး (Pilot) (၁၅)ဦး ရှိပါတယ်။

(MIG-29) အမျိုးအစား တိုက်လေယာဉ်နဲ့ ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေတဲ့ စစ်ကောင်စီ သစ္စာခံ လေယာဉ်မှူး (၁၅)ဦးရဲ့ အမည်၊ ရာထူးနဲ့ လိပ်စာတွေကို Operation Spitfire က ပြီးခဲ့တဲ့ မေလဆန်းမကတည်းက ထုတ်ဖော်ကြေညာထားပါတယ်။

အဲဒီ လေယာဉ်မှူး (၁၅)ဦးက ဒု-ဗိုလ်မှူးကြီး ရဲကျော်သူ၊ ဗိုလ်မှူး ကျော်ဇေယျာစိုး၊ ဗိုလ်မှူး စောထက်အောင်၊ ဗိုလ်မှူး ရဲလင်းမြတ်၊ ဗိုလ်မှူး ကျော်စွာတင်လေး၊ ဗိုလ်မှူး သန့်ဇော်ဝင်း၊ ဗိုလ်ကြီး အောင်ထူး၊ ဗိုလ်ကြီး စိုင်းထွန်အောင်၊ ဗိုလ်ကြီး သီဟန်ထူး၊ ဗိုလ်ကြီး ရဲမင်း‌အောင်၊ ဗိုလ်ကြီး ဖြိုးဦးခန့်၊ ဗိုလ်ကြီး ဝေလင်းဖြိုး၊ ဗိုလ်ကြီး ရဲဝင်းလှိုင်၊ ဗိုလ်ကြီး ကောင်းခန့်စိုးနှင့် ဗိုလ်ကြီး တင်စိုးသန်း တို့ ဖြစ်ပါတယ်။

ဖားကန့် ဂီတပွဲကို ဗုံးကျဲတိုက်ခိုက်တဲ့ (MIG-29) တိုက်လေယာဉ်သုံးစီးကို ဘယ်သူတွေ မောင်းနှင်ခဲ့တယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ သုတေသနနဲ့ မှတ်တမ်းဌာနရဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်အတွင်း ပြုစုထားချက်အရ မြန်မာစစ်တပ်မှာ
လေတပ်စခန်းဌာနချုပ် (၁၈) ခု ရှိပါတယ်။ အဓိက လေတပ်စခန်းဌာနချုပ်တွေက မှော်ဘီ(ရန်ကုန်)၊ မင်္ဂလာဒုံ(ရန်ကုန်)၊ မြစ်ကြီးနား(ကချင်)၊ တောင်ငူ(ပဲခူး)၊ နမ့်စန်(ရှမ်း)၊ မိတ္ထီလာ(မန္တလေး)၊ မြိတ်(တနင်္သာရီ)၊ ပုသိမ်(ဧရာဝတီ)၊ တံတားဦး(မန္တလေး)နဲ့ မကွေး(မကွေး)တို့ဖြစ်ကြပြီး နေပြည်တော်(ဧလာ)၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ရခိုင်ပြည်နယ် အမ်းမြို့တို့မှာလည်း လေတပ်စခန်းတွေ တိုးချဲ့ ဖွင့်လှစ်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွက် နောက်ထပ် မှတ်သားထားရမယ့်သူကတော့ လက်ရှိ စင်ကာပူနိုင်ငံမှာ တိမ်းရှောင်နေတဲ့ ခရိုနီ ဦးတေဇ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေါက်ကြားလာတဲ့ ကြေးနန်းတွေမှာ ဦးတေဇဟာ ရုရှား သံအမတ်ကို ချဉ်းကပ်ပြီး (MI-17) ရဟတ်ယာဉ်တွေနဲ့ (MIG-29) တိုက်လေယာဉ်တွေ ဝယ်ယူနိုင်အောင် တာဝန်ယူ လုပ်ဆောင်ပေးခဲ့တဲ့ နံပတ်ဝမ်း ခရိုနီဖြစ်ကြောင်း ကမ္ဘာ့မီဒီယာတွေမှာပါ ဖော်ပြထားပါတယ်။

စစ်အုပ်စုထံမှာ ရှရှားနဲ့ ဘီလာရုနိုင်ငံကနေ ဝယ်ယူထားတဲ့ (MiG-29) အမျိုးအစား တိုက်လေယာဉ် အဟောင်းရော၊ အသစ်ပါ စုစုပေါင်း (၃၂)စီး ရှိနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြပါတယ်။ (MiG-29) တိုက်လေယာဉ်အဟောင်း (၁၂)စီးကို ဘီလာရုနိုင်ငံကနေ ပထမဆုံး ဝယ်ယူခဲ့ပြီးနောက် (၂၀၀၉)မှာတော့ ရှရှားကနေ တိုက်ရိုက် (MiG-29)အစင်း (၂၀)ကို ဒေါ်လာသန်း (၅၅၀)နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အသုတ်လိုက်ခွဲပြီး လိုက်ခံရရှိနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ယခုလတွေအတွင်း (MIG – 29) နဲ့ (Yak-130) အမျိုးအစား တိုက်လေယာဉ်တွေ အသုံးပြုပြီး နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို စစ်ကိုင်းတိုင်း အပါအဝင် အညာဒေသမှာတော့ (MI-35)နှင့်(Mi-17) အမျိုးအစား တိုက်ခိုက်ရေးနဲ့ သယ်ပို့ ရဟတ်ယာဉ်တွေ အသုံးပြုပြီး စစ်ရေးပစ်မှတ်တွေကိုသာမက အရပ်သားပြည်သူတွေကိုပါ ဥပဒေမဲ့ ထင်တိုင်းကျဲ ဗုံးကျဲပစ်ခတ် သတ်ဖြတ်နေတာလို့ စစ်ရေးသတင်း စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

ဖားကန့်က ဂီတပွဲကို ကိုယ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီ သစ္စာခံ လေယာဉ်မှူးနဲ့ (MIG-29) လေယာဉ်မှူး (၁၅)ဦး/Photo – CJ၊ Operation Spitfire