News

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်၏ ကွီလုံးတိုင်စခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ စစ်သား ၁၇ ဦး လက်နက်ချ

အညံ့ခံပြီး လက်နက် ၄၃ လက်နှင့်ခဲယမ်းမြောက်များစွာ ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ စစ်ကောင်စီတပ် ခမရ ၃၃၉ ၏ ကွီလုံးတိုင်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် ကွီးလုံးတိုင်စခန်းကို တိုက် ခိုက် သိမ်း ပိုက်ရာတွင် စစ်သား ၁၇ ဦး လက်နက်ချအညံ့ခံခဲ့ကြပြီး RPG များ၊ စက်လက်များ အပါအဝင် လက်နက် ၄၃ လက်နှင့် ခဲယမ်းများစွာလည်း ရရှိခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဟောင်သရောမြစ်ကမ်းရှိ စစ်ကောင်စီစခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၅ ရက် ယမန်နေ့ညပိုင်းက

တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့နံနက်တွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် အနီးဝန်းကျင်ကျေးရွာများသို့ ပစ်ခတ်ကာ အဇင်းကျေးရွာတွင်လည်း ရဟတ်ယာဉ်ဖြင့် စစ်ကူများ လာရောက်ချထားကြောင်း ဒေသခံများထံမှ သ တင်း ရရှိသည်။

“တောင်ကလေးအုပ်စု၊ ယောကဒေါကျေးရွာနားက ကွီးလေးတော့ စခန်းကို ညက သိမ်းလိုက်တာ။ မြန်မာလို့ ကွီလုံတိုင်စခန်း ခေါ်မယ် ထင်တယ်။ ဒီမနက် စခန်းဝန်းကျင်ကို တိုက်လေယာဉ်တွေနဲ့ လာပစ်သွားတယ်၊

လေယာဉ် ဘယ် နှစ်စီး ဘယ်နှစ်ကြိမ်ပစ်တယ်ဆိုတာ အတိအကျမသိသေးဘူး။ နောက်ပြီး အနီးနားက ရွာတွေ ထိလား မထိလားဆိုတာလည်း မသိရသေးဘူး၊ လိုင်းတွေပြတ်နေတယ်” ဟု KNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယနေ့နံနက်ပိုင်းတွင် နို့တကော (ကြာအင်းဆိပ်ကြီးမြိုန့ယ်)၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ အဇင်းကျေးရွာတွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်များဖြင့် စစ်သားများ လာရောက်ချသွားကြောင်းလည်း ဒေသခံများထံမှ သတင်းရရှိသည်။

“ကြာအင်းဆိပ်ကြီးပေါ်မှာ ရဟတ်ယာဉ်တွေ ပျံနေတယ်၊ ၃ ကြိမ်ထက်မနည်း ရှိနေပြီ” ဟု ကြာအင်းဆိပ်ကြီးဒေသခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။



ရန်ကုန်၊ အောက်တိုဘာ ၂၆







