မဲခေါင်၊ ဒီဇင်ဘာ ၈
MeKongNews
ခရေပင်လမ်းခွဲ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှု စစ်ကောင်စီ ဘက်တော်သား ၈ ဦး ထိမှန်ပြီး ယာဉ်ထိန်းရဲ ၁ ဦး ပွဲချင်းပြီးသေ
မဲခေါင်၊ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ အမှတ် (၃) လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးဂိတ်မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု အတွင်း စစ်ကောင်စီ ဘက်တော်သား ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“အားလုံး သူတို့ဘက်က ၈ ယောက်ထိတယ်။ စစ်သား ၃ ယောက်၊ ရဲ ၃ ယောက်နဲ့ ယာဉ်ထိန်း ၂ ယောက်ထိတယ်။ ယာဉ်ထိန်းရဲ တစ်ယောက်ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” လို့ သူကပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အဆိုပါ စစ်ဆေးရေးဂိတ်ဟာ ဆိုင်ကယ်တွေ ဖမ်းဆီးပြီး ကားတွေကို ပိုက်ဆံတောင်းနေတဲ့ ဂိတ်အဖြစ် နာမည်ကြီးနေတဲ့ စစ်ဆေးရေးဂိတ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မနေ့ ဒီဇင်ဘာ ၇ ရက်၊ ည ၈ နာရီဝန်းကျင်က မင်္ဂလာဒုံ ရဲစခန်းကို ရန်ကုန် UG အဖွဲ့များ ပူးပေါင်းကာ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိမှုကိုတော့ မသိရှိရသေးပါဘူး။
အဆိုပါ ရဲစခန်း ဖောက်ခွဲမှုကို UMCD အင်အားစုတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့ KMD18 တို့ ပူးပေါင်းကာ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့ပေါ်မှာ ဒီဇင်ဘာလ အတွင်း နေ့စဉ် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေပေမယ့် ကြီးမားတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုတွေတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
MeKongNews
ဝင်လာမဆဲ တသဲသဲ လာတ်ခေါ်အရုပ်လေးက တကယ်အစွမ်းထက်တာပါလား