Local News

ကြယ်မိုးအများဆုံး ရွာမယ့် ဒီဇင်ဘာ ယနေ့ ညချမ်း







~ MASES/MZM

ကြယ်မိုးအများဆုံး ရွာမယ့် ဒီဇင်ဘာညချမ်း

ယနေ့ ဒီဇင်ဘာ ၁၃ ည နဲ့ ၁၄ ရက်နေ့မနက် အစောပိုင်းတွေ မှာတော့ နှစ်စဉ် ဖြစ်ပေါ်တဲ့ ကြယ်မိုး ရွာခြင်း ဖြစ်စဉ်တွေ ထဲ က အများဆုံး မြင်ရတဲ့ Geminids Meteor Shower ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ ကြယ်မိုး က တော့ 3200 Phaethon လို့ အမည်ရတဲ့ ဥက္ကာပျံ က နေ ကျန်ရစ်ခဲ့ တဲ့ အပိုင်းအစ လေးတွေ ကြောင့် ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။ 3200 Phaethon ဟာ ၁.၄ နှစ် မှာ တစ်ကြိမ် နေကို လှည့်ပတ်နေတာဖြစ်ပါတယ်။

Geminids Meteor Shower ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည သန်းခေါင် က နေ ၁၄ ရက်နေ့ မနက် အာရုံမတက်ခင် ထိ အများဆုံး မြင်ရမှာဖြစ်ပြီး တစ်နာရီ ကို ကြယ်မိုးပေါင်း ၁၀၀-၁၅၀ လောက်ထိ မြင်ရမှာဖြစ်ပါတယ်။

ဒီနှစ် Geminids ကြယ်မိုးရွာတဲ့ ရက်ဟာ ၇၀ ရာခိုင်နှုန်းလောက် လင်းနေတဲ့ လမင်းကြီး ရဲ့ အလင်းရောင် နှောင့်ယှက်မှု ကြောင့် လ ထွက်လာမယ့် ကြယ်မိုးကို မြင်တွေ့ဖို့ရာ အနှောက်အယှက် ရှိနေမှာပါ။ ဒါပေမယ့် ကောင်းကင် နက်မှောင်ပြီး Light Pollution နည်းပါးတဲ့ နေရာကနေ ကြည့်မယ်ဆိုပါက ၁ နာရီ ကို ကြယ်မိုး ၅၀ ခန့်လောက်တော့မြင်တွေ့ရအုံးမှာဖြစ်ပါတယ်။

ကြယ်မိုးရွာ တယ်ဆိုတာ အာကာသ ထဲရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေတဲ့ ကြယ်တံခွန်တွေ ၊ ဥက္ကာပျံ တွေရဲ့ လမ်းကြောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲ အမှုန်အမွှား တွေ က ကမ္ဘာ က နေကို ပတ်နေတဲ့ လမ်းကြောင်း ထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။

Geminids Meteor Shower ကို ကြည့် ရှုမယ်ဆိုပါ က မြို့ပြ အလင်းရောင် နည်းပါးတဲ့ နေရာ ကနေ အရှေ့ဖက် ကောင်း ကင် ကို စောင့်ကြည့်နိုင်ပါတယ်။ အေးချမ်းတဲ့ ဆောင်းရာသီ ဖြစ်တာကြောင့် နွေးနွေးထွေးထွေး ဝတ်ပြီး ကြည့်ဖို့လဲ အကြံပြုလိုပါတယ်။