Local News

ျမစ္တြင္းစစ္ဆင္ေရး အထူးအေလးထားရန္ အာဏာသိမ္းစစ္ေခါင္းေဆာင္ေျပာ

ျမစ္တြင္းစစ္ဆင္ေရး အထူးအေလးထားရန္ အာဏာသိမ္းစစ္ေခါင္းေဆာင္ေျပာ

ဧရာဝတီ၊ ဒီဇင္ဘာ ၂၆၊ ၂၀၂၂

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံတဝွမ္း ခုခံတိုက္ခိုက္မႈမ်ားႏွင့္ ပတ္သက္ၿပီး ျမစ္တြင္းစစ္ဆင္ေရးကို အထူး အေလးထားေဆာင္႐ြက္လာရေၾကာင္းႏွင့္ ေရတိမ္ျမစ္တြင္းသြား စစ္ေရယာဥ္မ်ား တည္ေဆာက္ရမည္ျဖစ္ေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ယမန႔္ေန႔က ျပဳလုပ္သည့္ ၇၅ ႏွစ္ေျမာက္ တပ္မေတာ္ (ေရ) ႏွစ္ပတ္လည္ေန႔တြင္ ေျပာသည္။

၎က “ လက္ရွိလုံၿခဳံေရး အေျခအေနမ်ားအရ ျမစ္တြင္းစစ္ဆင္ေရးကိုလည္း အထူးအေလးထား ေဆာင္႐ြက္လာရေၾကာင္း၊ ဧရာဝတီ၊ ခ်င္းတြင္းႏွင့္ ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသ၊ ရွည္လ်ားလွသည့္ ျမစ္ႀကီးမ်ားအတြင္း ေရေၾကာင္းလုံၿခဳံေရးမ်ား၊

စစ္ဆင္ေရးမ်ား ထိေရာက္ စြာေဆာင္႐ြက္ႏိုင္ရန္အတြက္ ေရတိမ္ျမစ္တြင္းသြား စစ္ေရယာဥ္မ်ားကိုလည္း တည္ေဆာက္သြားၾကရမည္” ဟု ေျပာသည္။

ယခုႏွစ္ တပ္ေတာ္ဝင္သည့္ အလ်ား ၂၃ မီတာရွိ တပ္ဖြဲ႕တင္ ကမ္းထိုးေရယာဥ္မ်ားအား လတ္တေလာ ႀကဳံေတြ႕ေနရသည့္ လုံၿခဳံေရး အေျခအေနမ်ားအရ ျမစ္တြင္းစစ္ဆင္ေရး၊

လုံၿခဳံေရးႏွင့္ တပ္ဖြဲ႕တင္တိုက္ခိုက္ေရးတို႔အတြက္ အဓိက ရည္႐ြယ္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ေရေၾကာင္း ပစ္ကူေပးႏိုင္ရန္ႏွင့္ ကမ္းထိုးကမ္းတက္ စစ္ဆင္ေရးမ်ား ေဆာင္႐ြက္ႏိုင္ရန္ျဖစ္သည့္အျပင္ စစ္ေရယာဥ္(မုတၱမ)ေပၚတင္ကာ ဘက္စုံသုံးတပ္ဖြဲ႕တင္ ကမ္းထိုးေရယာဥ္အျဖစ္ပါ အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္တြင္ ႏိုင္ငံတဝွမ္း စစ္ေကာင္စီစစ္ေၾကာင္းမ်ားအား မိုင္းဆြဲတိုက္ခိုက္မႈမ်ားေၾကာင့္ စစ္ေကာင္စီအေနျဖင့္ ေထာက္ပံ့ေရးႏွင့္ အင္အားျဖည့္တင္းေရးအတြက္ ေရေၾကာင္းအား ယခင္ထက္ပိုမိုအသုံးျပဳလာရသည့္အေျခအေနတြင္ စစ္ကိုင္းတိုင္းအတြင္း ဧရာဝတီႏွင့္ ခ်င္းတြင္း ျမစ္ေၾကာင္းတို႔တြင္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။

ထိုသို႔ ျမစ္ေၾကာင္းမွ ေထာက္ပို႔ေပးေနသည့္ စစ္ေကာင္စီေရယာဥ္မ်ားအား ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက မၾကာခဏ ၾကားျဖတ္တိုက္ခိုက္ေလ့ ရွိသကဲ့သို႔ စစ္ေရယာဥ္မ်ား မွလည္း ၎တို႔စုန္ဆင္းရာ လမ္းေၾကာင္းရွိ ေက်း႐ြာမ်ားအား လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ အရပ္သားျပည္သူမ်ား ထိခိုက္ဒဏ္ရာရသည့္ ျဖစ္စဥ္မ်ားလည္းရွိခဲ့သည္။

ၿပီးခဲ့သည္ ဒီဇင္ဘာ ၂၁ ရက္ေန႔ကလည္း ခ်င္းတြင္းျမစ္အထက္ပိုင္းရွိ စစ္ေကာင္စီတပ္မ်ားအတြက္ ရိကၡာမ်ား တင္ေဆာင္လာသည္ဟု ယူဆရသည့္ မုံ႐ြာမွ ဆန္တက္လာေသာ ေမာ္ေတာ္ယာဥ္ ၈ စီးပါ စစ္ေရယာဥ္မ်ားအား လုံၿခဳံေရးေပးေနသည့္ စစ္ေၾကာင္းႏွင့္ ေဒသကာကြယ္ေရးတပ္မ်ား ကနီၿမိဳ႕နယ္တြင္ တိုက္ပြဲ ျဖစ္ပြားခဲ့ေသးသည္။

ယင္းအတြက္ စစ္ေကာင္စီအေနျဖင့္ သမ႐ိုးက် ပင္လယ္ျပင္စစ္ဆင္ေရးမ်ားအတြက္သာမက ျမစ္တြင္းစစ္ဆင္ေရးမ်ားအတြက္ပါ ျပင္ဆင္တည္ေဆာက္ၾကရန္ စစ္ေခါင္းေဆာင္က ထုတ္ေဖာ္ ေျပာၾကားလာျခင္းျဖစ္သည္။

ယခုႏွစ္ ေရတပ္ႏွစ္ပတ္လည္ေန႔တြင္လည္း အျမန္သြားကင္းလွည့္ေရယာဥ္ ၂ စီး၊ တပ္ဖြဲ႕ဝင္ကမ္းထိုးေရယာဥ္ ၂ စီးႏွင့္ ေရသယ္ယာဥ္ ၁ စီးတို႔ တပ္ေတာ္ဝင္ခဲ့ေၾကာင္းလည္း သိရသည္။

ဓာတ္ပုံ-cincds

မြစ်တွင်းစစ်ဆင်ရေး အထူးအလေးထားရန် အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ဧရာဝတီ၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၂

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ခုခံတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မြစ်တွင်းစစ်ဆင်ရေးကို အထူး အလေးထားဆောင်ရွက်လာရကြောင်းနှင့် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များ တည်ဆောက်ရမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန့်နေ့က ပြုလုပ်သည့် ၇၅ နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့တွင် ပြောသည်။

၎င်းက “ လက်ရှိလုံခြုံရေး အခြေအနေများအရ မြစ်တွင်းစစ်ဆင်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လာရကြောင်း၊ ဧရာဝတီ၊ ချင်းတွင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရှည်လျားလှသည့် မြစ်ကြီးများအတွင်း ရေကြောင်းလုံခြုံရေးများ၊

စစ်ဆင်ရေးများ ထိရောက် စွာဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက်သွားကြရမည်” ဟု ပြောသည်။

ယခုနှစ် တပ်တော်ဝင်သည့် အလျား ၂၃ မီတာရှိ တပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်များအား လတ်တလော ကြုံတွေ့နေရသည့် လုံခြုံရေး အခြေအနေများအရ မြစ်တွင်းစစ်ဆင်ရေး၊

လုံခြုံရေးနှင့် တပ်ဖွဲ့တင်တိုက်ခိုက်ရေးတို့အတွက် အဓိက ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေကြောင်း ပစ်ကူပေးနိုင်ရန်နှင့် ကမ်းထိုးကမ်းတက် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန်ဖြစ်သည့်အပြင် စစ်ရေယာဉ်(မုတ္တမ)ပေါ်တင်ကာ ဘက်စုံသုံးတပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်အဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတဝှမ်း စစ်ကောင်စီစစ်ကြောင်းများအား မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီအနေဖြင့် ထောက်ပံ့ရေးနှင့် အင်အားဖြည့်တင်းရေးအတွက် ရေကြောင်းအား ယခင်ထက်ပိုမိုအသုံးပြုလာရသည့်အခြေအနေတွင် စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြောင်းတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုသို့ မြစ်ကြောင်းမှ ထောက်ပို့ပေးနေသည့် စစ်ကောင်စီရေယာဉ်များအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ ရှိသကဲ့သို့ စစ်ရေယာဉ်များ မှလည်း ၎င်းတို့စုန်ဆင်းရာ လမ်းကြောင်းရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

ပြီးခဲ့သည် ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ချင်းတွင်းမြစ်အထက်ပိုင်းရှိ စစ်ကောင်စီတပ်များအတွက် ရိက္ခာများ တင်ဆောင်လာသည်ဟု ယူဆရသည့် မုံရွာမှ ဆန်တက်လာသော မော်တော်ယာဉ် ၈ စီးပါ စစ်ရေယာဉ်များအား လုံခြုံရေးပေးနေသည့် စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်များ ကနီမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ယင်းအတွက် စစ်ကောင်စီအနေဖြင့် သမရိုးကျ ပင်လယ်ပြင်စစ်ဆင်ရေးများအတွက်သာမက မြစ်တွင်းစစ်ဆင်ရေးများအတွက်ပါ ပြင်ဆင်တည်ဆောက်ကြရန် စစ်ခေါင်းဆောင်က ထုတ်ဖော် ပြောကြားလာခြင်းဖြစ်သည်။

ယခုနှစ် ရေတပ်နှစ်ပတ်လည်နေ့တွင်လည်း အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ တပ်ဖွဲ့ဝင်ကမ်းထိုးရေယာဉ် ၂ စီးနှင့် ရေသယ်ယာဉ် ၁ စီးတို့ တပ်တော်ဝင်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-cincds